ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်

 

စစ်အာဏာရှင်ဟောင်း သန်းရွှေ၊ ဦးသိန်းစိန်နှင့် လက်ရှိစစ်ခေါင်းဆောင် ရွေးတုသမ္မတ မင်းအောင်လှိုင် တို့အထိ အဓိက အခါတော်ပေး ကိုးကွယ်ခြင်းခံရသူ ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာဖေဉာဏ် (ခ) ဆရာတော် ဦးပညာဝံသ သတ်ဖြတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူဟု ဆိုသူ ငါး ဦးကို ဖမ်းဆီးရမိကြောင်း ရွေးတုအစိုးရက ထုတ်ပြန်သည်။

 

သက်တော် (၇၅) နှစ်၊ ဝါတော် (၁၅) ဝါရှိ ဒေါက်တာဖေဉာဏ်သည် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စန္ဒကူးမြိုင်ရိပ်သာ ဘုန်းကြီးကျောင်း၌ ရဟန်းဝတ်ဖြင့် သီတင်းသုံးနေစဉ် ကျောင်းဆောင် အတွင်း ဓားဖြင့်ထိုးသတ်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဆရာတော်သည် စစ်ခေါင်းဆောင်အဆက်ဆက်၏ အဓိကနက္ခတ်ဗေဒင် အခါတော်ပေးတစ်ဦး ဖြစ်ခြင်းကြောင့် ၎င်းအသတ်ခံရပြီးနောက်ပိုင်း တရားခံမမိခင်အထိ စစ်ကောင်စီတပ်၊ CID မှုခင်း ရဲတပ်ဖွဲ့နှင့် ထွေအုပ်အဖွဲ့များ ပူးပေါင်းကာ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေးအပြင်းအထန်ချ၍ လမ်းများပိတ်ဆို့ကာ မြေလှန်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။

 

ကျောင်းဝင်းအတွင်းရှိ ပန်းရံလုပ်သားနှစ်ဦးသည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ဆရာတော်ထံ ဆွမ်းချိုင့်ပို့ရန် သွားရောက်ရာမှ တံခါးများပိတ်ထားသဖြင့် ဝင်ရောက်ကြည့် ရှုရာ အိပ်ခန်းနှင့် စာကြည့်ခန်းအကူး တံခါးဝ၌ ဆရာတော်သည် ဓားဒဏ်ရာများ၊ သွေးသံရဲရဲဖြင့် မှောက်လျက်လဲကျ ပျံလွန်တော်မူနေသည်ကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

မှော်ဘီပြည်သူ့ဆေးရုံကြီး၏ မှုခင်းရင်ခွဲစစ်ဆေးချက်အရ ဆရာတော်သည် ယာဘက်နံညွန့်တွင် ချွန်ထက်သောအရာဖြင့် ထိုးသွင်းခံရသဖြင့် အသည်းထုတ်ချင်းပေါက်ဒဏ်ရာရကာ ပျံလွန်တော် မူခဲ့ရခြင်း ဖြစ်ကြောင်း အတည်ပြုထားသည်။

လက်ရှိစုံစမ်းချက်များအရ ယခုဖြစ်စဉ်သည် နိုင်ငံရေးအရ လုပ်ကြံမှုမျိုးမဟုတ်ဘဲ၊ ဆရာတော်ထံမှ ငွေကြေးနှင့် အဖိုးတန်ပိုင်ဆိုင်မှုများကို လောဘဖြင့် အဓမ္မလုယက်ရယူလို၍ သတ်ဖြတ်ခဲ့သည့် “လုယက်လူသတ်မှု” ဖြစ်ကြောင်း သိရပြီး ဆရာတော်၏ လက်ကိုင်ဖုန်း နှစ် လုံးလည်း ပျောက်ဆုံး သွားခဲ့သည်။

 

ထို့ကြောင့် မှော်ဘီမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၄ (လုယက်လူသတ်မှု) ဖြင့် အမှုဖွင့်ကာ စစ် ဆေးခဲ့ပြီးနောက်၊ ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် အသက် ၁၉ နှစ်မှ ၂၈ နှစ်ဝန်းကျင်ရှိ သက်ပိုင်ထွန်း (ခ)ပိုင်လေး၊ စိုးရာဇာ (ခ)စိုးဝင်းကျော်၊ ဝေယံနိုင် (ခ)ဝေယံ၊ တိုးဝင်းကျော်(ခ)တိုးဝေကျော် နှင့် စိုးထက်(ခ)အေကေတီ တို့ ငါး ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာ များတွင် ဖော်ပြထားသည်။

 

ပုံစာ-ဖမ်းဆီးရ မိသည့် တရားခံဟု ဆိုသူများကိုတွေ့ရစဉ်။