ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းနေသောကြောင့် ယနေ့ ဇူလိုင် ၁၄ မှ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးဆက်လက်ကြီးနေမည်ဖြစ်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်ထားသည်။

 

လာမည့်တစ်ပတ်အတွင်း တိုင်းနှင့် ပြည်နယ်အများစုတွင် မိုးရေချိန် ၄ လက်မမှ ၅ လက်မကျော်အထိ ရွာသွန်းနိုင်ပြီး ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များကို အထူးသတိပြုရန် လိုအပ် ကြောင်း သိရသည်။

 

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသကွက်၍ မိုးကြီးနိုင်သည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများ ကြိုတင် သတိပြုကြရန် မိုး/ဇလ က နှိုးဆော်ထားသည်။

 

မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမည်။ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေအထိ ရှိနိုင်သည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း နေပြည်တော်၊ မကွေးတိုင်း၊ ကရင်နီ ( ကယား) ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းခဲ့ပြီး ဧရာဝတီတိုင်း၊ တနင်္သာ ရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်( အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

 

မိုးကြီးမှုကြောင့် မိုးရေချိန်များရာ မာန်အောင်မြို့ ၈ ဒသမ ၂၂ လက်မ၊ ထားဝယ်မြို့ ၆ ဒသမ ၃၄ လက်မ၊ ထားဝယ်မြို့ ၆ ဒသမ ၃၄ လက်မ၊ ကျောက်ဖြူမြို့ ၅ ဒသမ ၉၁ လက်မ၊ ပုသိမ်မြို့ ၅ ဒသမ ၄၀ လက်မ၊ ကွမ်းခြံကုန်း ၅ ဒသမ ၁၆ လက်မ၊ မအူပင်မြို့ ၄ ဒသမ ၇၃ လက်မ၊ ဖျာပုံမြို့ ၄ ဒသမ ၆၄ လက်မ၊ ဒေးဒရဲမြို့ ၄ ဒသမ ၅၉ လက်မ၊ ဘိုကလေးမြို့ ၄ ဒသမ ၃၀ လက်မ နှင့် စစ်တွေမြို့တို့တွင် ၄ ဒဿမ ၂၉ လက်မတို့ဖြစ်ကြောင်း မိုး/ဇလ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ – မိုး/ ဇလ