ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့မှာ မြန်မာစစ်အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ငြိမ်းချမ်းရေးအစီအစဉ်ဟာ အဓိကအကျဆုံးဖြစ်ကြောင်းနဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ပြသဖို့လိုအပ်ကြောင်း ထပ်လောင်းအ တည်ပြုခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က ပြောပါတယ်။
တင်မောင်ဆွေဟာ မြန်မာအစိုးရရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို အာဆီယံဝန်ကြီးတွေကို တင်ပြခဲ့ပါတယ်။
ဒီတွေ့ဆုံမှုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာစစ်အစိုးရ သံတမန်တို့ကြား ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုလို့ သိရပါတယ်။
ဘာလာခရစ်ရှနန်က အာဆီယံဝန်ကြီးတွေအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ရဲ့ အရေးပါမှုကို အတည်ပြုခဲ့ကြပြီး အဆိုပါအစီအစဉ်ဟာ အတည်ဖြစ်ဆဲ၊ ထိရောက်ဆဲဖြစ်တယ်လို့ ပြောပါတယ်။
၎င်းတို့အားလုံးဟာ လက်တွေ့ကျတဲ့ တိုးတက်မှုတွေကို မြင်တွေ့ချင်ကြတယ်လို့ ၎င်းက ဖြည့် စွက်ပြောပါတယ်။
ဘာတိုးတက်မှုမှ မရှိသေးခင်မှာ မြန်မာစစ်အစိုးရကို ဖိတ်ကြားတာဟာ စိုးရိမ်စရာ စံနမူနာဆိုး ဖြစ်သွားနိုင်သလားလို့ မေးမြန်းရာမှာတော့ ၎င်းတို့ရဲ့ ထိတွေ့ဆက်ဆံမှုဟာ နေပြည်တော်က စစ်အစိုးရ တစ်ခုတည်းနဲ့တင် မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။
၎င်းတို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) မျိုးစုံနဲ့ ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF) တို့နဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်ရှုပ်ထွေးပြီး အဓိကအချက်မှာ အာဆီယံအနေနဲ့ သက်ဆိုင် သူအားလုံး ပါဝင်နိုင်မယ့် နည်းလမ်းမျိုးစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံတာလို့ ဘာလာခရစ်ရှနန် က ပြောပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာစစ်အစိုးရနဲ့ အလွတ်သဘော တွေ့ဆုံရတဲ့ ဆုံးဖြတ် ချက်အပေါ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာလာဇာရိုက “ဒါဟာ တစ်ကြိမ်တည်းနဲ့ ချက် ချင်းပြီးသွားမယ့် ကိစ္စမဟုတ်ဘဲ တဖြည်းဖြည်း ပြောင်းလဲလာမှာဖြစ်လို့ အခုလို ထိတွေ့ဆက်ဆံမှုတွေ ဟာ အလွန်အရေးကြီးပါတယ်” လို့ ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှ အဖွဲ့အစည်း ၂၀ က တနင်္ဂနွေနေ့မှာ ပူးတွဲထုတ်ပြန်ချက်ထုတ်ပြီး အာဆီယံရဲ့ ငြိမ်း ချမ်းရေးအစီအစဉ်ကို ငြင်းပယ်နေတဲ့ စစ်အစိုးရဝန်ကြီးနဲ့ အာဆီယံတို့ တွေ့ဆုံမှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး အာဆီယံက အခြားအဖွဲ့အစည်းတွေနဲ့ လုံလောက်စွာ ထိတွေ့ဆက်ဆံမှုမရှိဘူးလို့ ထောက်ပြ ထားပါတယ်။
ကိုးကား – Asia One
Ref; Asean foreign ministers want Myanmar to make ‘demonstrable progress’ on peace plan: Vivian Balakrishnan