‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၃ ရက်

 

ရွေးတုသမ္မတ မင်းအောင်လှိုင်က လာမည့် ဩဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ တရားဝင် အလည် အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း အာဆီယံ သတင်းရင်းမြစ်များကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ယနေ့ ဇူလိုင် ၁၃ ရက်တွင် ဖော်ပြထားသည်။

 

စစ်ခေါင်ဆောင်အသွင်ပြောင်း မင်းအောင်လှိုင်၏ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဧပြီလတွင် ရွေးတု သမ္မတရာထူးကို စတင်တာဝန်ယူပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ်မြောက် သွားရောက်သည့် ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

 

အာဏာသိမ်းစစ်အုပ်စုကို ဒေသတွင်းအဖွဲ့အစည်းများနှင့် ပြန်လည်ပူးပေါင်းပါဝင်လာနိုင်စေရန် ကြိုးပမ်း ပေးနေသည့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် အသေးစိတ်ခရီးစဉ်ဇယားကိုမူ သတင်းရင်းမြစ်များက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် ရွေးကောက် ပွဲအပြီး စစ်တပ်ကျောထောက်နောက်ခံပြု ရွေးတုအစိုးရ၏ ခေါင်းဆောင် ဖြစ်လာခဲ့ ခြင်းဖြစ်ပြီး ယခုလဆန်းပိုင်းကလည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သော လာအိုနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။

 

အာဆီယံအဖွဲ့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို နှစ်ပတ်လည် အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။အထူးသဖြင့် အာဏာသိမ်းမှုအပြီး အာဆီယံခေါင်းဆောင်များ ရေးဆွဲခဲ့သည့် “ဘုံသဘောတူညီချက် ၅ ချက် ” ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိသဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်ကာ အာဏာသိမ်းစစ်အုပ်စုအား ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်မပြုရန် အာဆီယံက ဆုံးဖြတ်ခဲ့သည်။

 

ယမန်နေ့ ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့က အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ရွေးတုအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေအား တိုက်တွန်းခဲ့သည်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အစည်းအဝေးပြင်ပတွင် ရွေးတုအစိုးဝန်ကြီး ဦးတင်မောင်ဆွေနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပြီး အိမ်နီးချင်းနိုင်ငံများပီပီ ရင်းနှီးသောဆက်ဆံရေး ရှိနေမှုကို နှစ်ဖက်စလုံးက ပြန်လည်အတည်ပြုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုသို့ သီးခြားတွေ့ဆုံစဉ်အတွင်း နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်း အခြေအနေတို့မှာ အဓိကဆွေးနွေးခဲ့သည့် အကြောင်းအရာများဖြစ်သည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍပေါင်းစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (BIMSTEC) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီလတွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ဖူးသည်။

 

ထို့ပြင် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့ကလည်း ရွေးတုသမ္မတ မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – MOI
ကိုးကား – ဘန်ကောက်ပို့စ်
‎Ref: Myanmar’s Min Aung Hlaing to visit Thailand in August