ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦးရေတပ်အခြေစိုက် ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခ တပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ရွေးတုအစိုးရစစ်တပ်ဘက်မှ အထိနာကာ ဆုတ်ခွာသွားခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်မှတစ်ဆင့် အဝတောင်ကျေးရွာတွင် အင်အားဖြည့်တင်း ထားသော ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက် ညနေပိုင်းက အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။ထိုသို့ စစ်ကြောင်းထိုးလာစဉ် AA က ကြားဖြတ်ဆီးကြို တိုက်ခိုက် ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
“စစ်တပ်က စစ်ကြောင်းထိုးထွက်လို့ တိုက်ပွဲဖြစ်တာလို့ သိရတယ်။ သဘာဝဘေးကြောင့် ငဲ့ညှာပြီး စစ်ပွဲရပ်ထားတာကို AA က ရန်စတယ်ဆိုပြီး သတင်းလွှင့်တယ်။ တကယ်က ဒီရက်ထဲ စစ်တပ်က လူစုပြီး အခွင့်အရေးရတုန်း စစ်ကြောင်းထထိုးတာ” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကို ပြောသည်။
တိုက်ပွဲအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်မှ အထိနာခဲ့ပြီးနောက် စခန်းဟောင်းများ တည်ရှိရာ ဒွေးချနှင့် ကျောက်ဆည်ကျေးရွာများဘက်သို့ ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင်လည်း တိုက်ပွဲနယ်မြေအတွင်း ပစ်ခတ်သံအချို့ ဆက်လက်ကြားနေရ ဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းသည် စနဲမြို့ဘက်သို့ ဦးတည်ချီတက်ရန် ရည်ရွယ်ခဲ့သော်လည်း AA ၏ ခုခံတိုက်ခိုက်မှုကြောင့် ရည်မှန်းချက် အောင်မြင်ခြင်းမရှိဘဲ မူလစစ်ကြောင်းချီတက်ရာ အဓိက အခြေစိုက်စခန်းဖြစ်သော တောင်မော်ဦးရေတပ်စခန်း မကျဆုံးစေရေးအတွက်ပါ အပြင်းအထန် ခုခံကာကွယ်ခဲ့ရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ် များကြောင့် AA ဘက်မှ တောင်မော်ဦးရေတပ်စခန်းအပေါ် ထိုးစစ်ဆင်မှုများကို ခေတ္တရပ်ဆိုင်းထားခြင်း ဖြစ်သည်။
ထိုသို့ ခေတ္တရပ်ဆိုင်းထားစဉ် ရွေးတုအစိုးရစစ်တပ်ဘက်က အခွင့်ကောင်းယူကာ အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးလာခဲ့ခြင်းကြောင့် ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာရခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ-အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ ပုံဟောင်း)