‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၃ ရက်

ဧရာဝတီတိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်ရေနှင့် ချောင်းရေများ မြင့်တက်လာကာ အရေးပေါ်ရေကြီးနိုင်သည့် အန္တရာယ်ဇုန်အတွင်းသို့ ရောက်ရှိနေသည်။

 

မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန (မိုး/ဇလ) နှင့် ရွေးတုအစိုးရအဖွဲ့က အများပြည်သူသို့ အရေးပေါ် မိုးလေဝသနှင့် ရေကြီးရေလျှံမှု သတိပေးနှိုးဆော်ချက်တစ်ရပ်ကို ယနေ့ ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ထားပြီး ဘေးအန္တ ရာယ်ကင်းရှင်းစေရန်အတွက် အထူးဂရုပြုပြင်ဆင်ရန် တိုက်တွန်း ထားသည်။

ထို့ပြင် နေ့စဉ်မြစ်ရေခန့်မှန်းချက်များနှင့် မိုးလေဝသသတင်းများကို မျက်ခြေမပြတ် စောင့်ကြည့် ရန်လည်း သတိပေးထားသည်။ ရေနစ်မြုပ်နိုင်ခြေရှိသော အနိမ့်ပိုင်းဒေသများရှိ လယ်ယာသုံးပစ္စည်း များ၊ မျိုးစေ့များနှင့် အဖိုးတန်ကုန်ပစ္စည်းများကို ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းများသို့ ကြိုတင်ရွှေ့ပြောင်း စုဆောင်းထားရန် အသိပေးထားသည်။

 

သန့်ရှင်းသောသောက်သုံးရေ၊ ရိက္ခာခြောက်များနှင့် မရှိမဖြစ်လိုအပ်သော အရေးပေါ်ဆေးဝါးများကို ကြိုတင်စုဆောင်းထားရှိရန် တိုက်တွန်းထားသည်။ ရေဝင်ရောက်နိုင်သည့် နေရာများရှိ လျှပ်စစ်မိန်း ခလုတ်များနှင့် ဝါယာကြိုးများကို ကြိုတင်စစ်ဆေးပြီး လိုအပ်ပါက ဖြတ်တောက်ထားရန်လည်း နှိုးဆော်ထားသည်။

 

ယနေ့နံနက် တိုင်းထွာချက်များအရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက် (၆ လက်မ) ခန့်တွင် ရောက်ရှိနေကြောင်း မိုး/ဇလ ထံမှ သိရသည်။

 

ငဝန်မြစ်ရေသည် နောက် ၃၆ နာရီအတွင်း ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

 

ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီးမှုအန္တရာယ်ကို ကြိုတင်သတိပြုရန် လိုအပ်သည်။မြစ်ရေရုတ်တရက် မြင့်တက်လာပါက အချိန်မီ ရှောင်ရှားရွှေ့ပြောင်းနိုင်ကြပါရန်လည်း သက်ဆိုင်ရာက သတိပေးထားသည်။

 

ဓာတ်ပုံ – ပုသိမ်သတင်းမှန်
ပုံစာ – ချောင်းသာမြို့တွင် ယနေ့ ကားလမ်းပေါ်ထိ ရေကျော်နေစဉ်