ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဇူလိုင် ၁၃ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းပိုင်းရှိ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဒေသခံညီအစ်ကိုနှစ်ဦး ဖမ်းဆီးခံရပြီးနောက် အစ်ကိုဖြစ်သူ သေဆုံးကာ ညီဖြစ်သူမှာ ပြင်းထန်ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ ဖလမ်းမြို့နယ် ဆုမ်ဟရန်ကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ကိုကျော်ထွန်းအောင်ဖြစ်ပြီး ၎င်း၏ ညီဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာများနှင့် ဖလမ်းမြို့ရှိ ယာယီဆေးရုံတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

အဆိုပါ ညီအစ်ကိုနှစ်ဦးသည် ဇူလိုင် ၁၁ ရက်နေ့က စစ်ဘေးရှောင်နေသည့် ဟရိန်နန်းကျေးရွာမှ ပစ္စည်းများ ပြန်လည်သယ်ယူရန် သွားရောက်စဉ် စစ်ဆေးရေးဂိတ်၌ ရွေးတုအစိုးရ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“ဖလမ်းမြို့ကို စစ်တပ်က ထိန်းချုပ်ပြီးနောက် သူတို့တွေက ပြန်လာကြတာပါ။ သူတို့ အရင်စစ်ဘေးရှောင်တဲ့ ရွာမှာ ပစ္စည်းတွေ သွားယူရင်း စစ်တပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာပါ။ ဂိတ်မှာရိုက်နှက်စစ်ဆေးရင်း အစ်ကိုဖြစ်သူ သေသွားတာ” ဟု ဖလမ်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူ ကိုကျော်ထွန်းအောင်သည် မိသားစုဝင်များကို ဖလမ်းမြို့တွင်းသို့ ပို့ဆောင်ပြီးနောက် ကျန်ရှိနေသည့် ပစ္စည်းများသွားယူစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ ဗမာစကားပြောဆိုရာတွင် အခက်အခဲရှိမှုကြောင့် စစ်ဆေးရေးဂိတ်တွင် ရိုက်နှက်စစ်ဆေးခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ထားသည်။

“သူတို့ရှေ့မှာ သွားတဲ့သူတွေက ဘာမှမဖြစ်ဘူး။ သူတို့က ဗမာစကား မပီလို့ စစ်သားတွေ ရိုက်နှက်စစ်ဆေးတာဖြစ်နိုင်တယ်။ အလောင်းမှာလည်း ရိုက်နှက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေ လူကိုမမှတ်မိအောင်ဖြစ်သွားတယ်။ ရုပ်ပျက်ဆင်ပျက် ဖြစ်သွားတယ်”ဟု ဖလမ်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖလမ်းမြို့ကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့တွင် ရွေးတုအစိုးရက ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့အဝင်အထွက် စစ်ဆေးရေးများ တင်းကျပ်ထားသဖြင့် ဒေသခံများ ဖမ်းဆီးစစ်ဆေးခံရမှု မကြာခဏ ဖြစ်ပွားလျက်ရှိသည်။