ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ခုခံတော်လှန်မှုများတွင် လူငယ်အများအပြား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားမှုသည်အတန်းပညာနှင့် စာပေအသိအမြင် အားနည်း၍ ဖြစ်လာရခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်သည်။
ရွေးတုသမ္မတသည် ယမန်နေ့ ဇူလိုင် ၁၂ ရက်နေ့က မကွေးတိုင်း၊ မင်းဘူးမြို့ရှိ မြို့မိမြို့ဖဆိုသူများနှင့် လက် အောက်ခံများအား တွေ့ဆုံခဲ့ပြီး ထို့သို့တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် အဆိုပါ အခြေအနေကို စိတ်မကောင်းဖြစ်ရသဖြင့် သမိုင်းကြောင်းဆိုင်ရာအဖြစ် သင်ခန်းစာယူ၍ ပညာရေးမြှင့်တင်မှုကို မဖြစ်မနေ ဆောင်ရွက်မည်ဟု ဆိုသည်။
“ဒီလိုဖြစ်တာဟာ တည်ငြိမ်အေးချမ်းရေးကို မလိုလားတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေရဲ့ စည်းရုံး သွေးထိုးခြင်းတွေကို ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနဲ့ ဆုံးဖြတ်နိုင်စွမ်း အားနည်းတာကြောင့် ဖြစ်တယ်။ အဓိကက အတန်းပညာ၊ စာပေအသိအမြင်ဆိုင်ရာ အားနည်းမှုတို့ကြောင့်ပဲ ဖြစ်တယ်” ဟု ရွေးတုသမ္မတ မင်းဒအောင်လှိုင်က ပြောဆိုခဲ့ကြောင်း ဝါဒဖြန့်သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့၏ မတရားသဖြင့် အာဏာလုယူမှုကိုလည်း ယခင်အစိုးရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အများဆုံးအနိုင်ရခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်ဟု မဟုတ်မှန်သောအကြောင်းပြချက်များကို ယခင်အတိုင်း စွပ်စွဲပြောဆိုခဲ့သည်။
ပညာရေးအားနည်းမှုကြောင့် လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ နိမ့်ကျစေနိုင်ပြီး နိုင်ငံအတွက် လည်း များစွာနစ်နာစေနိုင်သဖြင့် အတန်းပညာရှိမှသာ အတတ်ပညာများ ရရှိနိုင်မည်ဖြစ်ကာ ၎င်းတို့အနေဖြင့် ကျောင်းပညာရေးကို အဓိကပံ့ပိုးအားပေးနေကြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင် က ဆက်လက်စည်းရုံးပြောဆိုခဲ့သည်။
သို့သော် လက်တွေ့မြေပြင်တွင်မူ ၎င်းတို့၏ အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ လူမှုစီးပွား ဘဝများ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ နိမ့်ကျပျက်စီးသွားခဲ့ရသည်။ ထို့ပြင် ၎င်းတို့စစ်အုပ်စု သည် တပ်အင်အား ပြုန်းတီးလျော့နည်းမှုကို ဖြည့်တင်းရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အဓမ္မသက်သွင်းပြဋ္ဌာန်းကာ လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက်ရှိသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရွေးတုအစိုးရသည် နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံဆေးခန်းများနှင့် စာသင်ကျောင်းများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ လေကြောင်းလိုင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသဖြင့် ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံအသီးသီးက အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပြီး အရေးယူဒဏ်ခတ် ပိတ်ဆို့ဖယ်ကြဉ်မှုများ ပြုလုပ်ထားသည်။