ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ရွေးတုအစိုးရ စစ်တပ်က စစ်အခြေစိုက်စခန်းများ တိုးချဲ့ချ ထားလာသည့်အပြင် ရေကြောင်းလမ်းကိုပါ အသုံးပြု၍ စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများကို ဆက်တိုက်ဖြည့် တင်းနေကြောင်း သိရသည်။
ဘုရားကြီးဘက်ကို လက်နက်၊ ခဲယမ်းပို့ပြီး ဆင်းလာသော စစ်ရေယာဉ် တစ်စီးသည် သာပေါင်း မြို့နယ်အတွင်းကို ဇူလိုင် ၁၁ရက် ညနေ ၃ နာရီကျော်တွင် ရောက်ရှိလာခဲ့ပြီး စက္ကူစက်ဆိပ်ကမ်း ဂျက်တီတွင် ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဉ်သည် ယမန်နေ့ ဇူလိုင် ၁၃ ရက်၊ နံနက် ၆ နာရီ ၃၀မိနစ်ခန့်က ပုသိမ်ဘက်သို့ ဆင်းသွားခဲ့ပြီး ရေယာဉ်မှာ သာမန်ဖလပ်မဟုတ်ဘဲ ဘေးဘယ်ညာတွင် ဘောကွင်းများ တွဲချည် ထားသည့် နေဗီ (ရေတပ်) သုံး ရေယာဉ်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
”ရှေ့ရက်က ဇက်ရေယာဉ်မှာ လက်နက်နဲ့ ခဲယမ်းတွေတင်ပြီး ဘုရားကြီးကို သွားပို့တယ်။ အခု စစ်သင်္ဘောနဲ့ပါထပ်ပို့လာတယ်။ စက်ဒေါင့်ကြီးကနေတဆင့် ကားတွေနဲ့ပို့တာတွေလည်းရှိတယ်။ လူနာတွေကလည်း နေ့တိုင်းလိုလို ကားနဲ့တစ်မျိုး၊ စက်လှေနဲ့တစ်မျိုး ပြန်သယ်နေတာတွေ့တယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ရွေးတုအစိုးရ စစ်တပ် တပ်ဖွဲ့ဝင်များသည် သာပေါင်းမြို့နယ် ကြက်သွန်ကွင်း – သဲဖြူ – မကျီးဇင် လမ်းပေါ်ရှိ ဒေသအခေါ် ဖက်ချောင်းလမ်းခွဲ (ယခု ရသေ့တောင်လမ်းခွဲ) တွင်လည်း အထိုင်ချ တပ်စွဲထားပြီး အဆိုပါ အထိုင်ချစခန်းသည် ကြက်သွန်ကွင်းကျေးရွာမှ ၃ မိုင်ကျော်ခန့်သာ ကွာဝေးသော နေရာတွင် ရှိသည်။
လက်ရှိတွင် စစ်တပ်သည် အင်အားအလုံးအရင်း အသုံးပြုကာ တိုက်ပွဲများ ဖော်ဆောင်နေပြီး လက်နက်၊ ခဲယမ်းများ ဆက်တိုက်ဖြည့်တင်းနေပြီး သာပေါင်းနှင့်ရေကြည်ရှိ စစ်ရေးအချက်အချာကျ နေရာများ တွင်လည်း အခြေစိုက် စခန်းများပြုလုပ်တပ်စွဲ၍ လက်နက်ကြီးများပါ တပ်ဆင်လာသည်။
သို့သော်လည်း တိုက်ပွဲများတွင် စစ်တပ် တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြားနေပြီး ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် သေဆုံးသူများကို ဒေသတိုက်နယ်ဆေးရုံများ၊ တပ်တွင်းဆေးရုံများသို့ ပို့ဆောင်နေရ သည့်အပြင် အခြေအနေပြင်းထန်သူများကို ပုသိမ်နှင့် ရန်ကုန်ရှိ စစ်ဆေးရုံများအထိပါ ပြန်လည် သယ်ဆောင် ကုသနေရကြောင်း သိရသည်။
ပုံစာ-စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏ စစ်ရေးလေကျင့်တစ်ခုအား တွေ့ရစဉ်(ပုံဟောင်း)