ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချာတူချက်ရှိ ဘီယာဆိုင်မီးလောင်မှုတွင် လူပေါင်း ၂၇ ဦး သေဆုံးခဲ့ပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူများထဲတွင် အထူးရဲတပ်ဖွဲ့ဝင် နှစ် ဦးသေဆုံးခဲ့ကြောင်း ထိုင်းအာဏာ ပိုင်များက အတည်ပြုခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် သေဆုံးသူများထဲတွင် အထူးရဲတပ်ဖွဲ့မှ ရဲအရာရှိနှစ်ဦးဖြစ်သည့် စစ်သီချုတ် ဘွန်တာရက်(Sitthichok Buntarak) နှင့် ပရမ်မီကာအွန်ဆရီ (Premmika On-sri) တို့ပါ ပါဝင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် သေဆုံးသူများ၏မိသားစုဝင်များက သေဆုံးဒဏ်ရာရရှိသူများကို အတည်ပြုခွဲခြား ပေးနိုင် ရန်အတွက် မှုခင်းဆေးပညာဌာနသို့သို့ လာရောက်ကာအတည်ပြုပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်အနုထင်ကလည်း အခင်းဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး “အသက်မရှိတော့တဲ့ ရုပ်အလောင်း ၂၇ လောင်းကို ရွှေ့ထုတ်ခဲ့ရပါတယ်။ တချို့ကိုတော့ ဆေးရုံတွေကို ပို့ဆောင်ထားပြီး သူတို့ရဲ့ အခြေအနေကို ဆက်လက်စစ်ဆေးနေပါတယ်” ဟု မီဒီယာများထံပြောကြားခဲ့သည်။
လက်ရှိတွင် မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို မှုခင်းဆရာဝန်များ၊ ဓာတုဗေဒဆိုင်ရာ ကျွမ်းကျင်သူများက အခင်းဖြစ်ပွားရာနေရာ၌ သက်သေအထောက်အထားများရှာဖွေကာ အကြောင်း ရင်းကိုဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရသည်။
မီးလောင်မှုသည်ယမန်နေ့သန်ခေါင်ယံအချိန် ၁၂ နာရီဝန်းကျင်၌ Chatuchak မြို့နယ်၊ လက်ဖရောင်း ဧရိယာရှိ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ သောင်းနှင့်ချီလာရောက်လည်ပတ်သည့် ရေပန်းစား လူစည်ကားရာ ချာတူချက်ဈေးအနီးတွင်တည်ရှိသည့် “Rong Beer Na Lat Phrao” ဘီယာဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးသမားများ ရောက်ရှိလာချိန်တွင် မီးမှာဆိုင်တစ်ဆိုင်လုံးကို လောင်ကျွမ်းနေပြီဖြစ်က မျက်မြင်သက်သေများ၏အဆိုအရ မီးသည်ဆိုင်အတွင်းရှိ စတိတ်စင်အနီးမှ စတင်လောင်ကျွမ်း ခြင်းဖြစ်ကြောင်းလည်းသိရသည်။
မီးသတ်သမားများသည် မီးလောင်မှုကို နာရီဝက်အကြာတွင် ထိန်းချုပ်နိုင်ခဲ့ပြီး ယခုမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ ၆၃ ဦးအနက် ၂၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်းလည်း ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးမှူး Chadchart Sittipunt ကပြောကြားခဲ့သည်။
ကိုးကား – The Thaiger