ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဇူလိုင်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးတွင် မြန်မာ့အရေး ဖြေရှင်းနိုင်ရန် ချမှတ်ထားသော အာဆီယံအဖွဲ့၏ ဘုံသဘောတူညီချက် ၅ ရပ်ကိစ္စကို ရွေးတုလွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်းသာ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ရွေးတုအစိုးရခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက တုံ့ပြန် ပြောကြားထားသည်။

ရွေးတုအစိုးရဝန်ကြီး ဦးတင်မောင်ဆွေက သိမ်မွေ့နက်နဲသည့် မြန်မာ့နိုင်ငံရေး အခြေအနေကို နားလည် သဘောပေါက်ရန် လိုအပ်ကြောင်းလည်း အဆိုပါ အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“အရေးကြီးအဆိုကို ရွေးတုလွှတ်တော်က ဇူလိုင် ၉ ရက်မှာ အတည်ပြုဆုံးဖြတ်ခဲ့လို့ အဲဒါကို ရွေးကောက်ခံ အစိုးရအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ တာဝန်ရှိတယ်။ မြန်မာနိုင်ငံရဲ့ သိမ်မွေ့နက်နဲတဲ့ နိုင်ငံရေးအခြေအနေကိုလည်း နားလည်သဘောပေါက်ဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောဆိုဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ ပကတိမြေပြင် အခြေအနေများနှင့် ကိုက်ညီသည့် အပြုသဘောဆောင်သော ရှုမြင်သုံးသပ်မှုများ ပြုလုပ်ရန် တိုက်တွန်းလိုကြောင်းနှင့် ၎င်းတို့အနေဖြင့် မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ အာဆီယံ၌ မကြာမီ ပြန်လည်ရရှိနိုင်မည်ဟု မျှော်လင့်ကာ အာဆီယံနှင့် အဖြစ်နိုင်ဆုံး ပူးပေါင်းသွားမည်ဖြစ်ကြောင်း လည်း ဆွေးနွေးခဲ့သည်။

#ရွေးတုလွှတ်တော်၏ အာဆီယံဘုံ၅ရပ်အပေါ် ကန့်ကွက်မှု

အာဆီယံ၏ ဘုံ ၅ ရပ် သဘောတူညီချက်သည် လက်ရှိအခြေအနေနှင့် မကိုက်ညီသည့်အပြင် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေပြီး တန်းတူရည်တူရှိမှုကို ထိခိုက်စေသဖြင့် ပယ်ချကာ လိုအပ်သလို ပြင်ဆင်သုံးသပ်ရန် ရွေးတုလွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ် ထားသည်။

ထိုအရေးကြီးအဆိုကို ၂၀၂၅ ရွေးတုရွေးကောက်ပွဲ၌ ကလောမဲဆန္ဒနယ်မှ အနိုင်ရ ကြံ့ခိုင်ရေးပါတီအမတ် ဒေါက်တာနန္ဒာလှမြင့်က စတင်တင်သွင်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ ဘုံ ၅ ရပ်ကြောင့် အာဆီယံ ထိပ်သီး အစည်းအဝေးများကို ရွေးတုသမ္မတ တက်ခွင့်မရသေးသည့်အပေါ် စွပ်စွဲချက်များဖြင့် တင်သွင်းလာခြင်း ဖြစ်သည်။

အဆိုပါ အဆိုကို ရွေးတုအမတ်များက အချင်းချင်း ထောက်ခံဆွေးနွေးခဲ့ကြပြီး ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီအမတ် ဦးလှဆွေက ၎င်းတို့ကို ဖယ်ကြဉ်ထားသည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံအနေဖြင့် အာဆီယံမှ နုတ်ထွက်သင့်ကြောင်း ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

#အာဆီယံအဖွဲ့၏ တုံ့ပြန်ချက်

စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ခေါင်းဆောင် အသွင်းပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင် နောက်ဆုံးတက်ခွင့်ရခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ အာဆီယံထိပ်သီး အစည်း အဝေးအပြီးတွင် အာဆီယံ ဘုံ ၅ ရပ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယခု ဘန်ကောက်မြို့ အစည်း အဝေးသည် ရွေးတုအစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးနှင့် ပထမဆုံးအကြိမ်အဖြစ် အလွတ်သဘော ထိတွေ့လာခြင်း ဖြစ်သည်။

သို့သော် ရွေးတုအစိုးရဘက်က အာဆီယံ၏ ဘုံ ၅ ရပ်ကို တိကျစွာ လိုက်နာဖော်ဆောင်ခြင်း မရှိသေးဘဲ ယခုကဲ့သို့ ကန့်ကွက်ဝေဖန်မှုများ ပြုလုပ်လာသော်လည်း အာဆီယံအဖွဲ့အနေဖြင့် ဘုံ ၅ ရပ်ကို ခိုင်ခိုင် မာမာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။

ဓာတ်ပုံ – MOI