
CDF-Maraလှုပ်ရှားမှုများကို လာရောက်စုံစမ်းသော စစ်ကောင်စီသတင်းထောက် ၃ ဦးကို လက်ပစ်ဗုံး ၃ လုံးနှင့်အတူ ဖမ်းဆီးရမိ
ဧရာဝတီတိုင်းမ်
(မတူပီ)၊ စက်တင်ဘာ ၁၅ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ CDF-Mara ထိန်းချုပ်ထားသော အမှတ် ၂ ဗျူဟာ၊ တပ်ရင်း ၁ ကို လာရောက်စုံစမ်းသည့် စစ်ကောင်စီသတင်းထောက် ၃ ဦးကို CDF-Maraနှင့် CDF-Matupiတို့ ပူးပေါင်းမှုဖြင့် စက်တင်ဘာလ ၇ ရက်နေ့တွင် လက်ပစ်ဗုံး ၃ လုံးနှင့်အတူ ဖမ်းဆီးရမိထားကြောင်း CDF-Maraထံမှ သိရသည်။
CDF-Mara၏ လှုပ်ရှားမှုများကို ထောက်လှမ်းရန် စေလွှတ်ထားသော စစ်ကောင်စီသတင်းထောက် ၃ ဦးသည် CDF-Mara တပ်ရင်း ၁ ၏ ဆိုင်ကယ် ၂ စီးကို ခိုးယူပြီး မတူပီမြို့ဘက်သို့ ထွက်ပြေးနေစဉ် CDF-Matupiနှင့်အတူ ပူးပေါင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း CDF-Maraမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ စစ်ဆေးချက်အရ သူတို့လက်ထဲမှာ လက်ပစ်ဗုံး ၃ လုံးပါပါတယ်။ ပြီးတော့ မရာနယ်မှာ ရောက်လာကြတဲ့ အခြားသူစိမ်းလူတွေဆိုရင် ဒေသခံအားလုံးက မှတ်မိကြတယ်ဆိုတော့ စစ်ကောင်စီသတင်းထောက်ဖြစ်မယ်လို့ ကျွန်တော်တို့ ယူဆတယ်။ CDF-Maraက သူတို့ကို တွေ့တဲ့အခါမှာ မော်တော်ဆိုင်ကယ်ကို ခိုးယူပြီးတော့ မတူပီမြို့ဘက်ကို ဦးတည်ပြီး ထွက်ပြေးသွားတယ်။ ဒါနဲ့ CDF-Matupiကို ဖုန်းဆက်ပြီး ကျွန်တော်တို့အဖွဲ့က နောက်ကနေ လိုက်တဲ့အခါမှာ ညီနောင်CDF-Matupiရဲ့ ပူးပေါင်းမှုနဲ့ CDF-Matupiဂိတ်မှာ ဖမ်းဆီးရမိနိုင်ခဲ့ပါတယ်” ဟု CDF-Mara၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
CDF-Mara အမှတ် ၂ ဗျူဟာ၊ တပ်ရင်း ၁ သည် CDF-Matupiနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မတူပီမြို့နယ်အတွင်းရှိ ညီနောင်ဒေသလက်နက်ကိုင်များဖြစ်ကြောင်း သိရသည်။
CDF-Maraထိန်းချုပ်ထားသော နယ်မြေကို စုံစမ်းရန်အတွက် စစ်ကောင်စီက လွှတ်ထားသော သတင်းထောက်များအား ဖမ်းဆီးမှုအရ စစ်ကောင်စီတပ်က CDF-Mara၏ တပ်စခန်းများတိုက်ခိုက်ရန် အစီအစဉ်ရှိနိုင်ကြောင်းCDF-Maraက သုံသပ်ပြောဆိုသည်။
“စစ်ကောင်စီက လွှတ်ထားတဲ့ သတင်းထောက် ၃ ဦးက CDF-Maraအပေါ် ထောက်လှမ်းတာဟာ စစ်ကောင်စီတပ်က ကျွန်တော်တို့တပ်စခန်းကို တိုက်ခိုက်ဖို့ အစီအစဉ်ရှိတယ်လို့ ကျွန်တော်တို့ ယူဆတယ်၊ ဖမ်းဆီးရမိထားတဲ့ တရားခံ ၃ ဦးက ထောက်လှမ်းရေးတွေ မဟုတ်ဘဲ စစ်ကောင်စီသတင်းထောက်လို့ပဲ မှတ်ချက်ချတယ်၊ တာဝန်ရှိသူတွေက အမှုစစ်ဆေးတာတွေ ဆက်လက်ပြုလုပ်နေပြီး မိမိတို့ တရားဉပဒေအရ စီစဉ်ဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်”ဟု CDF-Mara၏ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ဖမ်းဆီးရမိထားသော စစ်ကောင်စီသတင်းထောက် ၃ ဦးကို စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီး CDF-Matupiနှင့် ပူးပေါင်း၍ ဖမ်းဆီးရမိမှုအပေါ် တော်လှန်ရေးကာလတွင် အဖွဲ့တစ်ခုနှင့်တစ်ခု စည်းလုံးခြင်း၊ အချိတ်အဆက် အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ခဲ့ခြင်းမှာ တော်လှန်ရေးလှုပ်ရှားမှုတွင် အောင်မြင်မှုတစ်ခု ဖြစ်ကြောင်း CDF-Maraက ပြောကြားသည်။
#CDF-Mara #လှုပ်ရှားမှု #စစ်ကောင်စီ #သတင်းထောက် #လက်ပစ်ဗုံး #ဖမ်းဆီးရမိ
#Ayeyarwaddy_Times