ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဇူလိုင် ၁၂ ရက်)
အမွှာ (Twins)
အမွှာကိုယ်ဝန်ဆောင်ရခြင်းဟာ မိသားစုတစ်ခုအတွက် အလွန်ဝမ်းသာစရာကောင်းတဲ့ ကိစ္စဖြစ်သလို တစ်ဖက်မှာလည်း မိခင်ရော အမွှာရင်သွေးတွေအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အမွှာတွေ သန္ဓေတည်တဲ့ပုံစံ အမျိုးအစားကွဲပြားပုံနဲ့ အမွှာမွေးဖွားချိန်မှာ ဘာတွေပိုပြီး သိထားရမလဲဆိုတာကို အများပြည်သူ နားလည်ဗဟုသုတရစေဖို့ ပြောပြပေးသွားပါမယ်။
သန္ဓေသားဆဲလ်နှစ်ခု အမွှာ (Dizygotic Twins)
အဖြစ်အများဆုံး အမွှာအမျိုးအစား ဖြစ်ပါတယ်။ သားအိမ်ထဲမှာ မိခင်ဘက်က မမျိုးဥ နှစ်လုံး ကြွေပြီး တစ်ပြိုင်နက် ဖခင်ရဲ့ သုက်ပိုးနှစ်ခုနဲ့ သီးခြားစီ သန္ဓေအောင်သွားတာ ဖြစ်ပါတယ်။ တစ်ဝမ်းထဲမှာ အတူတူ ကိုယ်ဝန်ဆောင်ခဲ့တဲ့ အမွှာတွေဖြစ်ပေမယ့်လည်း ရုပ်ချင်းတူချင်မှ တူမှာဖြစ်ပါတယ်။ ယောက်ျားလေး နှစ်ယောက်အမွှာ၊ မိန်းကလေးနှစ်ယောက်အမွှာ ဒါမှမဟုတ် ယောက်ျားလေးမိန်းကလေး မောင်နှမအမွှာ ဘယ်လိုမဆို ဖြစ်နိုင်ပါတယ်။ အချင်း (Placenta) နဲ့ ရေမြွာအိတ် (Amniotic sac) တွေကလည်း တစ်ယောက်တစ်စုံစီ သီးခြားရှိကြပါတယ်။
သန္ဓေသားဆဲလ်တစ်ခု အမွှာ (Monozygotic Twins)
မိခင်မမျိုးဥ တစ်လုံးတည်းကြွေပြီး ဖခင်သုက်ပိုးတစ်ကောင်တည်းကပဲ သန္ဓေအောင်စေခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်အခြေအနေဆိုရင်တော့ သန္ဓေသားတစ်ယောက်သာ ဖွံ့ဖြိုးမယ့် အခြေအနေ ဖြစ်ပါတယ်။ ထူးဆန်းစွာပဲ သန္ဓေအောင်ပြီးပြီးချင်း အစောပိုင်းရက်တွေမှာတင် သန္ဓေသားဆဲလ်ဟာ နှစ်ခုအဖြစ် ကွဲထွက်သွားပြီးတော့ အမွှာအဖြစ် ထူးကဲဖွံ့ဖြိုးသွားတာ ဖြစ်ပါတယ်။ ဒီအမွှာတွေက DNA ဗီဇချင်း တူညီတဲ့အတွက် ရုပ်ချင်း ထပ်တူနီးပါး တူကြပါတယ်။ ယောက်ျားလေးနှစ်ယောက်အမွှာ ဒါမှမဟုတ် မိန်းကလေးနှစ်ယောက်အမွှာ အဖြစ်ပဲ ဖွံ့ဖြိုးကြပြီး မောင်နှမအမွှာ မဖြစ်နိုင်ပါဘူး။
မမျိုးဥတစ်လုံး၊ သုက်ပိုးတစ်ခုတည်းကနေ စတင်ခဲ့တာ မှန်ပေမယ့် အဲဒီသန္ဓေသားဆဲလ်လေးက ဘယ်နှစ်ရက်မြောက်မှာ နှစ်ခုအဖြစ် ကွဲထွက်သွားသလဲဆိုတဲ့ အချိန်ကာလပေါ်မူတည်ပြီး အချင်း (Placenta) နဲ့ ရေမြွာအိတ် (Amniotic sac) တည်ဆောက်ပုံချင်း မတူတော့ပါဘူး။ ဆေးပညာအရ သန္ဓေသားဆဲလ်တစ်ခုအမွှာ (Monozygotic Twins) မှာ အမျိုးအစား (၄) မျိုး ထပ်မံကွဲပြားသွားပါတယ်။
၁။ အချင်းနှစ်ခု ရေမြွာနှစ်အိတ်အမွှာ (Dichorionic Diamniotic)
သန္ဓေအောင်ပြီး (၁) ရက်မှ (၃) ရက်အတွင်း အမွှာအဖြစ် ဆဲလ်ကွဲခြင်း အစောဆုံးဖြစ်တာကြောင့် အချင်းနဲ့ ရေမြွာအိတ် ကောင်းစွာဖွံ့ဖြိုးဖို့ အချိန်လုံလောက်သွားတဲ့ အမွှာအမျိုးအစား ဖြစ်ပါတယ်။ ကလေးတစ်ယောက်စီမှာ ကိုယ်ပိုင်အချင်းတစ်ခုစီနဲ့ ကိုယ်ပိုင်ရေမြွာအိတ်တစ်လုံးစီ သီးခြားရှိကြ ပါတယ်။ ဆေးပညာအရ အချင်းချင်း သွေးလည်ပတ်မှု လုရတဲ့ပြဿနာ မရှိတဲ့အတွက် အမွှာကိုယ် ဝန်အမျိုးအစား လေးခုထဲမှာ မိခင်နဲ့ ကလေးအတွက် အန္တရာယ်အကင်းဆုံးနဲ့ စိတ်အချရဆုံး ပုံစံ ဖြစ်ပါတယ်။
၂။ အချင်းတစ်ခု ရေမြွာအိတ်နှစ်ခု အမွှာ (Monochorionic Diamniotic)
သန္ဓေအောင်ပြီး ၄ ရက်မှ ၈ ရက်အတွင်း အမွှာအဖြစ် ဆဲလ်ကွဲခြင်း ဖြစ်တာကြောင့် ကလေးနှစ် ယောက်စလုံးက အချင်းတစ်ခုတည်းကို အတူတူမျှသုံးကြပေမယ့် ရေမြွာအိတ်ကတော့ တစ်ယောက် တစ်အိတ်စီ သီးခြားစီ နေကြပါတယ်။ ဆေးပညာလေ့လာချက်တွေအရ အမွှာကိုယ်ဝန်တွေထဲမှာ အတွေ့ရဆုံး ပုံစံ ဖြစ်ပါတယ်။ အချင်းတစ်ခုတည်းကို မျှသုံးရတဲ့အတွက် ကလေးနှစ်ယောက်ဆီ သွေးရောက်တာ မမျှတတဲ့ပြဿနာ (TTTS – Twin-to-Twin Transfusion Syndrome) ကြုံတတ် တာကြောင့် ဆရာဝန်က Ultrasound နဲ့ မိခင်ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် သေချာစောင့် ကြည့်ရပါတယ်။
၃။ အချင်းတစ်ခု ရေမြွာတစ်ခုအမွှာ (Monochorionic Monoamniotic)
သန္ဓေအောင်ပြီး ၈ ရက်မှ ၁၃ ရက်အတွင်း နောက်ကျပြီးမှ အမွှာအဖြစ် ဆဲလ်ကွဲခြင်း ဖြစ်တာကြောင့် ကလေးနှစ်ယောက်စလုံးဟာ အချင်းတစ်လုံးတည်းကို မျှသုံးရရုံတင်မကဘဲ ရေမြွာအိတ်တစ်ခုတည်း (တစ်အိတ်တည်း) မှာ အတူတူ ပြည့်ကျပ်စွာ နေထိုင်ကြပါတယ်။ ဆေးပညာအမြင်အရလည်း ရေမြွာတစ်အိတ်တည်းမှာ အတူနေရလို့ ကလေးတွေရဲ့ ချက်ကြိုးအချင်းချင်း ငြိမိတာမျိုး ဖြစ်နိုင် တဲ့အတွက် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် စိန်ခေါ်မှုနဲ့ အန္တရာယ် (Risks) အလွန်များပြားလို့ အထူးကြပ်မတ် စောင့်ကြည့်ရပါတယ်။
၄။ ကိုယ်ခန္ဓာချင်းဆက် အမွှာ (Conjoined Twins)
သန္ဓေအောင်ပြီး ၁၃ ရက်ကျော်မှ အမွှာအဖြစ် ဆဲလ်ကွဲခြင်း ဖြစ်ပါတယ်။ အလွန်နောက်ကျမှ ဖြစ်ရတာ ကြောင့် သန္ဓေသားဆဲလ်ဟာ လုံးဝအပြတ် ကွဲမထွက်သွားတော့ဘဲ တစ်စိတ်တစ်ပိုင်းစီ ငြိတွယ်ကျန် ရစ်ခဲ့တဲ့အတွက် မွေးဖွားလာတဲ့အခါ ရင်ချင်းဆက်အမွှာ၊ ခေါင်းချင်းဆက်အမွှာ၊ ခြေချင်းဆက်အမွှာ စသဖြင့် ကိုယ် ခန္ဓာချင်း ပူးကပ်နေတဲ့ အမွှာလေးတွေ ဖြစ်လာရတာ ဖြစ်ပါတယ်။
ဆဲလ်ကွဲသွားတဲ့ ရက်အပေါ်မူတည်ပြီး အချင်းတစ်ခုတည်းကို အတူတူမျှသုံးရတာမျိုး (Monochorionic)၊ ရေမြွာအိတ်တစ်ခုတည်းမှာ အတူတူနေရတာမျိုး (Monoamniotic) ဖြစ်တတ် ပါတယ်။ အချင်းတစ်ခုတည်းကို မျှသုံးရတဲ့ အမွှာတွေမှာ သွေးလည်ပတ်မှု မမျှတတဲ့ပြဿနာ (TTTS) ဖြစ်နိုင်ခြေ ရှိလို့ ဆရာဝန်တွေက Ultrasound နဲ့ အထူးဂရုစိုက် စောင့်ကြည့်ရလေ့ရှိပါတယ်။
အမွှာမိခင်တွေဟာ ကလေးတစ်ယောက်ထက်ပိုပြီး လွယ်ထားရတဲ့အတွက် အမွှာမိခင်ရဲ့ ကိုယ်ခန္ဓာဟာ နှစ်ဆ ပိုပြီး အလုပ်လုပ်ရပါတယ်။ ဒါကြောင့် အန္တရာယ် (Risks) လက္ခဏာတွေကို ကြိုတင်သိရှိပြီး စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။
နေ့လမစေ့ဘဲ မွေးဖွားခြင်း (Preterm Labor)
အမွှာကိုယ်ဝန်တွေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးဟာ လမစေ့ဘဲ (ကိုယ်ဝန်ပတ် ၃၇ ပတ်မပြည့်ခင်) မွေးဖွား တတ်ပါတယ်။ ဒါကလည်း သားအိမ်က ကလေးနှစ်ယောက်စာ မဆံ့အောင် ပြည့်ကျပ်လာလို့ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre-eclampsia)
ကလေးတစ်ယောက်ကိုယ်ဝန်ထက် အမွှာကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်ဆောင် သွေးတိုးရောဂါနဲ့ ဆီးထဲတွင် ပရိုတင်း (အသားဓာတ်) ဆုံးရှုံးရသည့် ရောဂါဖြစ်နိုင်ခြေ နှစ်ဆခန့် ပိုများပါတယ်။
ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ (Gestational Diabetes)
-အချင်းကထွက်တဲ့ ကိုယ်ဝန်ဆောင်ဟော်မုန်းတွေ ပိုများလာတာကြောင့် မိခင်မှာ သွေးတွင်း သကြားဓာတ် တက် လာတတ်ပြီး ကိုယ်ဝန်ဆောင် သွေးချိုဆီးချို ရောဂါအဖြစ် ကုသပေးရပါတယ်။
သွေးအားနည်းခြင်း (Anemia)
ကလေးနှစ်ယောက်လုံး ဖွံ့ဖြိုးဖို့အတွက် သံဓာတ်နဲ့ ဖောလစ်အက်ဆစ် (Folic acid) ကို အများကြီး လိုအပ်တာကြောင့် မိခင်ထံမှ အကုန်စိုက်ထုတ်ပေးလိုက်ရသဖြင့် သွေးအားနည်းရောဂါ အဖြစ်များ ပါတယ်။
ထို့ပြင် ကိုယ်အလေးချိန်နှင့် သားအိမ်ဝန်ပိခြင်း၊ ခါးကိုက်ခြင်း၊ ခြေထောက်ဖောရောင်ခြင်းနှင့် အစား အသောက် မအီမသာဖြစ်ခြင်းတို့ကို ပုံမှန်ကိုယ်ဝန်ဆောင်များထက် အမွှာကိုယ်ဝန်ဆောင်တွေက ပိုမိုခံစားရတတ်ပါတယ်။
အမွှာကိုယ်ဝန်ဆောင်များ ရွေးချယ်သင့်သည့် မွေးဖွားခြင်းနည်းလမ်း (Mode of Delivery for Twins)
အမွှာဆိုတာနဲ့ ခွဲမွေးရမယ်လို့ပဲ လူအများစု ထင်တတ်ကြပါတယ်။ တကယ်တော့ အမွှာကိုယ်ဝန်တွေကို ရိုးရိုးမွေးဖွားခြင်း (Vaginal Delivery) ရော၊ ဗိုက်ခွဲမွေးဖွားခြင်း (Caesarean Section) ကိုပါ ပြုလုပ်နိုင်ပြီး ဘယ်နည်းလမ်းကို ရွေးချယ်မလဲဆိုတာ ဆေးပညာဆိုင်ရာ အချက်အလက်တွေပေါ် မူတည်ပါတယ်။
ကလေးများ၏ တည်နေပုံအနေအထား (Fetal Presentation)
ပထမဆုံးထွက်လာမယ့်ကလေး ခေါင်းဦးတိုက်နေရင် (Cephalic presentation) ကလေးအနေအထား မှန်တာကြောင့် ရိုးရိုးမွေးဖို့ ကြိုးစားနိုင်ပါတယ်။ ပထမကလေး မွေးပြီးမှ ဒုတိယကလေးရဲ့ အနေအထားကို ကြည့်ပြီး ဆရာဝန်က လိုအပ်သလို ကူညီမွေးဖွားပေးမှာ ဖြစ်ပါတယ်။
ဗိုက်ခွဲမွေးရမည့် အခြေအနေ
ပထမဆုံးထွက်လာမယ့်ကလေးက ကန့်လန့်ဖြစ်နေရင် (Transverse)၊ တင်ပါးဆုံ ဦးတိုက်နေရင် (Breech)၊ ကလေးနှစ်ယောက်စလုံး တင်ပါးဆုံဦးတိုက်နေရင် (Both Breech) ဒါမှမဟုတ် ကလေးတွေရဲ့ အနေအထားက တစ်ယောက်နဲ့တစ်ယောက် ငြိမိနေရင် စတဲ့အခြေအနေတွေမှာတော့ မွေးဖွားချိန် ကြာနိုင်ပြီး ကလေးငယ်တွေရော မိခင်မှာပါ အသက်အန္တရာယ် ကြုံတွေ့ရနိုင်ပါတယ်။ မိခင်နဲ့ ကလေး အန္တရာယ်ကို လျှော့ချဖို့အတွက် ဗိုက်ခွဲမွေးတာက အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။
ကလေးတွေက လမစေ့ဘဲ အရမ်းစောမွေးရမယ်ဆိုရင် (ကိုယ်ဝန်ပတ်စောလွန်းတဲ့ ၃၂ ပတ်အောက် အခြေ အနေ) ကလေးဦးနှောက်နဲ့ ကိုယ်ခန္ဓာထိခိုက်မှု နည်းစေဖို့ ခွဲမွေးတာကို ပိုဦးစားပေးလေ့ ရှိပါတယ်။ မိခင်မှာ ပြင်းထန်သွေးတိုးရောဂါရှိနေခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ မွေးလမ်းကြောင်းနှင့် တင်ပါးဆုံ ရိုးခွေ ကျဉ်းနေခြင်းမျိုး ရှိရင်လည်း ခွဲမွေးရပါမယ်။
အမွှာကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်လောင်းများကို အဓိကမှာချင်တာကတော့ သားဖွားမီးယပ် အထူး ကုဆရာ ဝန်တွေနဲ့ ပိုမိုစိတ်ချရတဲ့ ဆေးရုံကြီးတွေမှာ ပုံမှန်ပြသဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ အာဟာရပြည့်ဝအောင် အစားအသောက်အနေနဲ့ ကယ်လိုရီ၊ သံဓာတ်၊ ကယ်လ်စီယမ်နဲ့ ပရိုတင်း (အသားဓာတ်) တွေကို ပိုမိုမှီဝဲရမှာဖြစ်ပြီး၊ ရေဓာတ်ပြည့်ဝအောင်လည်း နေထိုင်ရပါမယ်။ လမစေ့ဘဲ ဗိုက်နာချင်တာ၊ ရေမြွာရည်ယိုတာ၊ သွေးဆင်းတာမျိုး ရှိရင် ဆေးရုံကို ချက်ချင်းသွားရောက်ဖို့ အမြဲ အသင့်ပြင်ထားရပါမယ်။
ခေတ်မီဆေးပညာ ထွန်းကားလာတဲ့အခါမှာ အမွှာကိုယ်ဝန်ရဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြံဆောင်နိုင် ကြပါပြီ။ မိခင်လောင်းကို သားဥကြွေဆေးတွေပေးပြီး အမွှာကိုယ်ဝန်ရဖို့ ကြိုးစားကြတာရှိသလို ဖန်ပြွန်သန္ဓေသားနည်းလမ်းဖြင့်လည်း အမွှာကိုယ်ဝန်များရအောင် လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ နှစ်မွှာပူး၊ သုံးမွှာပူး ကိုယ်ဝန်တွေ ဆောင်နေကြပြီ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ အမွှာကိုယ်ဝန် ဆောင်တယ်ဆိုတာ မိခင်အတွက် ကျန်းမာရေးစိန်ခေါ်မှုကြီးကို ရင်ဆိုင်ရတာဖြစ်တာကြောင့် သားဖွား မီးယပ်ဆရာဝန်နဲ့ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် စနစ်တကျ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရရှိကြပါစေ။ နောက်တစ်ပတ်မှာတော့ “အရွယ်မရွေး အသက်အန္တရာယ် ခြိမ်းခြောက်နေသော သွေးလွန်တုပ်ကွေးရောဂါ” အကြောင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဧရာ၀တီတိုင်းမ် ပရိသတ်များ စောင့်မျှော်အားပေး ဖတ်ရှုကြပါဦးခင်ဗျာ။