ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၂ ရက်

 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ လျှံတက် လာပြီး အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးရှိ မြေနိမ့်ပိုင်း ကမ်းနားနေအိမ်အချို့ ကြိုတင်ရွှေ့ပြောင်း မှုများ ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

ယနေ့ ဇူလိုင် ၁၂ ရက် နေ့လယ် ၂:၀၀ နာရီခန့် တိုင်းတာချက်များအရ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) အောက်တွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၀.၈ မီတာသို့ ရောက်ရှိလာနေပြီး မြစ်ရေသည် ဆက်လက်မြင့်တက်လာဦးမည်ဟု ခန့်မှန်းထားသည်။

ယနေ့ ဇူလိုင် ၁၂ ရက်တွင် မဲဆောက်မြို့ အပါအဝင် တာ့ခ်ခရိုင်တလျှောက်လုံးတွင် မုတ်သုံလေ အားအလွန်ကောင်းနေသဖြင့် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမည့် အရေးပေါ်အဆင့် မိုးလေဝသ သတိပေးချက်ကို ထိုင်းမိုးလေဝသဦးစီးဌာန (TMD) က ထုတ်ပြန်ထားသည်။

 

လက်ရှိတွင် အမှတ် (၁) တံတား၏ တောင်ဘက် သောင်ရင်းမြစ်ကမ်းဘေးရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ အများစု နေထိုင်ရာ ဝှေ့မုဒ် (ဝေ့မုတ်) နှင့် လှေဂိတ်အနီး မြေနိမ့်ပိုင်း နေအိမ်များအတွင်းသို့ မြစ်ရေများ ဝင်ရောက်နေပြီဖြစ်သည်။

 

“သောင်ရင်းမြစ်ရေတိုးလာလို့ အိမ်တွေရွှေ့ကုန်ကြပြီ။ ဝေ့မုတ်ဘုန်းကြီးကျောင်းလမ်း အမှတ် ၁ ဂိတ် အနားက အိမ်တွေ။ ရေက ပြန်မကျသေးဘူး၊ နောက် ၂ ရက်လောက် မိုးဆက်ရွာရင် မြုတ်ပြီ” ဟု မဲဆောက်တွင်နေထိုင်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုင်းမိုးလေဝသဦးစီးဌာန (TMD) ၏ ခန့်မှန်းချက်အရ လာမည့် ဇူလိုင် ၁၃ နှင့် ၁၄ ရက် များတွင် မဲဆောက်မြို့၌ မိုးရွာသွန်းရန် ရာခိုင်နှုန်း ၆၀ ကျော်အထိ ဆက်ရှိနေပြီး၊ နေရာကွက်၍ မိုးသည်းထန်ခြင်း များ ဖြစ်ပွားနိုင်ကြောင်း ဖော်ပြထားသည်။

 

သောင်ရင်းမြစ်ရေသည် လက်ရှိတွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီဖြစ်ရာ မြစ်ဖျားဘက်မှ တောင်ကျရေများ ထပ်မံစီးဝင်လာပါက ဝေ့မုတ်လမ်းရှိ မြေနိမ့်ပိုင်းအိမ်များ ရုတ်တရက် ရေတက် လာနိုင်သဖြင့် နယ်စပ်ကမ်းနားဘေး နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် စစ်ရေးနှင့် ကယ်ဆယ်ရေး လေ့လာသူများက သတိပေးထားသည်။

 

ဓာတ်ပုံ-ကိုဇော်မျိုး
ပုံစာ-ဝေ့မုတ်ဘုန်းကြီးကျောင်းလမ်း အမှတ် (၁) ဂိတ် အနီး မြင်ကွင်း၊