ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားလမ်းပိုင်းကို လာမည့် ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ ပြန်လည်တိုးချဲ့ပြေးဆွဲမည်ဟု ကချင်ပြည်နယ် ရွေးတုအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ လုပ်ဆောင်ချက်သည် ပြည်သူလူထု သွားလာရေးအတွက်ထက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများအတွက် ရွေးတုအစိုးရစစ်တပ်၏ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများကို အမြန်ဆုံး သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်များက ဆိုသည်။
“မန္တလေးကနေ မိုးညှင်းအထိ စစ်ယာဉ်တန်းနဲ့၊ မိုးညှင်းကနေ မြစ်ကြီးနားအထိ မီးရထားကိုသုံးပြီး စစ်အင်အား၊ လက်နက်နဲ့ ရိက္ခာတွေကို ပို့ဆောင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒေသတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူစေရန်နှင့် “ပြည်သူ့အကျိုးပြု ရက် ၁၀၀ စီမံချက်” အဖြစ် မိုးကောင်း-မိုးညှင်း ၅၂ ဒသမ ၂၅ မိုင် ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ခဲ့ပြီး၊ ဇူလိုင် ၂၁ ရက်မှစ၍ အမှတ် (၄၉) အဆန်နှင့် အမှတ် (၅၀) အစုန်ရထားများ ပြေးဆွဲမည်ဟု ရွေးတုအစိုးရဘက်က ဝါဒဖြန့်ထားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရွေးတုအစိုးရ၏ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဇူလိုင် ၈ ရက်တွင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့သော် မြေပြင်စစ်ရေး အခြေအနေအရ ရွေးတုအစိုးရစစ်တပ်သည် မေလအတွင်းက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူးနှင့် နန့်စီးအောင် လမ်းကြောင်းတစ်လျှောက်ကို ထိန်းချုပ်ပြီးနောက် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ စစ်သုံးကားနှင့် အရပ်ဘက်ကားများပါဝင်သည့် ယာဉ်အစီးရေ ရာချီသော စစ်ကူယာဉ်တန်းများကို ၃ ကြိမ်တိုင်တိုင် ဝင်ထွက်အသုံးပြုခဲ့သည်။

လက်ရှိတွင် ဗန်းမော်တိုက်ပွဲ၏ အဆုံးအဖြတ်သည် ရွေးတုအစိုးရစစ်တပ်၏ လူအင်အားနှင့် ခဲယမ်းဖြည့်တင်းနိုင်မှုအပေါ် လုံးဝမူတည်နေသဖြင့် မြေပြင်ထောက်ပို့လမ်းကြောင်းများ ပွင့်စေရန် အပူတပြင်း ကြိုးပမ်းနေခြင်းဖြစ်သည်။ ဗန်းမော်ဘက်သို့ ဦးတည်မည့် စစ်သင်္ဘောများသည်လည်း မန္တလေး ဂေါဝိန်ဆိပ်ကမ်းတွင် အသင့်ပြင်ဆင်ထားရှိပြီးဖြစ်သည်။
ထို့ကြောင့် ရွေးတုအစိုးရစစ်တပ်သည် ကုန်းလမ်း၊ ရေလမ်းအပြင် ယခုအခါ ရထားလမ်းပိုင်းကိုပါ စစ်ရေးအရ အမာခံထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုရန် ဦးတည်ချဉ်းကပ်လာခြင်းဖြစ်ပြီး ပြည်သူ့အကျိုးပြုခေါင်းစဉ်အောက်မှ ရထားလမ်းတိုးချဲ့ပြေးဆွဲမှုသည် စစ်တပ်အတွက် လိုအပ်နေသည့် စစ်ကူနှင့် ခဲယမ်းများကို အမြန်ဆုံးသယ်ယူရန် ပြင်ဆင်လာခြင်းသာဖြစ်ကြောင်း စစ်ရေးလေ့လာသူ များက ဆိုသည်။
ဓာတ်ပုံ – KSG