ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
အာဏာသိမ်းစစ်ကောင်စီအသွင်ပြောင်း ရွေးတုအစိုးရလက်အောက်က စစ် တပ်ဟာ ဧရာ၀တီတိုင်း အတွင်းက ရှေ့တန်းစစ်မျက်နှာတွေကနေထွက်ပြေးတဲ့ ပြည်သူ့စစ်မှုထမ်း (ပစ) တပ်သားသစ်နှစ်ဦးကို ကိုယ့်သေတွင်း ကိုယ်တူးခိုင်းပြီးမှ ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း ဧရာ၀တီတိုင်းမ်က စုံစမ်းသိ ရပါတယ်။
ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းမှာ သာပေါင်းမြို့နယ်ရှေ့တန်းစခန်းကနေ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းစေခံရတဲ့တပ်သားသစ်တွေ အစုလိုက်ထွက်ပြေးမှုဖြစ်ပွားခဲ့ပါတယ်။
အဆိုပါထွက်ပြေးသူတွေထဲက တပ်သားသစ်နှစ်ဦးကို စစ်တပ်က ဇွန်လ ၄ ရက်နေ့မှာ ပြန်လည် ဖမ်းမိခဲ့ပြီး စက်ဒေါင့်ကြီးဆိပ်ကမ်းမှာ ကြိုးတုပ်ကာ သေလုမျောပါး ညှဥ်ပန်းနှိပ်စက်ခဲ့ကြတယ်လို့ သာပေါင်းဒေသခံတွေက ပြောပါတယ်။
တပ်သားသစ်နှစ်ဦးကို စစ်တပ်က အဲဒီကတစ်ဆင့် ကမ္ဘားကြီးရွာဘက်သို့ ခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ကြပါတယ်။
စစ်တပ်က တပ်သားသစ်လူငယ်နှစ်ဦးကို မသတ်ဖြတ်ခင်မှာ သူတို့ရဲ့အလောင်းကိုမြှုပ်ဖို့အတွက် သူတို့ ကိုယ်တိုင် မြေကျင်းတူးခိုင်းပြီးမှ ရိုက်သတ်ခဲ့ကြတာဖြစ်လို့ ရွံရှာစက်ဆုပ်မိတယ်လို့ သာပေါင်းဒေသခံတွေက ပြောပါတယ်။
”တပ်သားသစ်တွေက သာပေါင်းရှေ့တန်းကနေ အစုလိုက်ထွက်ပြေးတာမှာ နှစ်ယောက်ပြန်ဖမ်းမိတယ်။ သူတို့ ထွက်ပြေးတုန်းကယူသွားတဲ့လက်နက်တွေ ပြန်မပါလာတာကိုအကြောင်းပြပြီး ရက်ရက်စက်စက် နှိပ်စက်တာ။ ပြီးတော့ သူတို့ကိုမသတ်ခင်မှာ စစ်တပ်က သူတို့သေရင်မြှုပ်ဖို့ကျင်းကို ကိုယ်တိုင် တူးခိုင်းခဲ့တာ။ ပစနှစ်ယောက်ကို ကိုယ့်သေတွင်းကိုယ်တိုင်တူးခိုင်းပြီမှ ရိုက်သတ်ပစ်တာ။ ဒီလုပ်ရပ်က အရမ်းကို ရွံရှာစက်ဆုပ်ဖို့ကောင်းတယ်”လို့ ဒီဖြစ်စဥ်ကိုသိရှိတဲ့ သာပေါင်းဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ရွေးတုအစိုးရစစ်တပ်ဟာ ထွက်ပြေးတဲ့တပ်သားသစ်နှစ်ဦးကို သတ်ဖြတ်ပြီးနောက် ကမ္ဘားကြီး အထက်နားရှိ ရွာသစ်ကလေးရွာသုဿာန်မှာ မြှုပ်နှံခဲ့ကြောင်း သိရပါတယ်။
သာပေါင်းမြို့နယ်မှာရှိတဲ့ ရှေ့တန်းစခန်းတွေက တပ်သားသစ်တွေ မကြာခနထွက်ပြေးမှုတွေ ဖြစ်ပေါ် နေတဲ့အတွက် တပ်သားသစ် နှစ် ဦးကို အခုလို ရက် စက်စွာသတ်ဖြတ်ပြပြီး နောက်လူတွေ ထွက်မပြေးရဲအောင် လုပ်ဆောင်တာလို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကလည်း အာရက္ခတပ်တော် AA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်တာခံနေရတဲ့ ရေကြည်မြို့နယ်အခြေစိုက် အမှတ်(၃၄၄) အမြှောက်တပ် ရှေ့တန်းစခန်းကနေ ထွက်ပြေးတဲ့တပ်သားသစ် ခုနစ် ဦးကို စစ်တပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။
ရှေ့တန်းကထွက်ပြေးတဲ့ တပ်သားသစ် ခုနစ် ဦးကို စစ်တပ်ကပြန်လည်ဖမ်းမိချိန်မှာ ကွင်းချောင်းရွာ နဲ့ကွင်းယားရွာအကြား ကွင်းယားရွာနောက်ကျောရှိ ကိုင်းစိုက်ပျိုးရေးကွင်းအတွင်းမှာ အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ကာ အလောင်းတွေကို ကျင်းတစ်ကျင်းထဲ စုပြီး မြေမြှုပ်ခဲ့ကြောင်း သိရပါတယ်။
စစ်တပ်က ဖြစ်သလိုစုပြုံမြေမြှုပ်ခဲ့တဲ့အတွက် ဒေသခံတောင်သူတွေက အဆို ပါကျင်းကို မြေများထပ်မံ ဖို့ပေးခဲ့ရပြီး အခင်းဖြစ်ပွားရာနေရာအနီးက ပဲမော်ပုံတွေထဲမှာ စနိုက်ပါသေနတ်၊ လက်ပစ်ဗုံးနဲ့ ကျည်အချို့ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ရွေးတုအစိုးရလက်အောက်ခံစစ်တပ်ဟာ နိုင်ငံအနှံ့စစ်မျက်နှာတွေမှာ အင် အားပြုန်းတီးနေမှုကို အစားထိုးဖို့အတွက် လူငယ်ပေါင်း တစ်သိန်းနှစ်သောင်း (၁၂၀,၀၀၀) ကျော်ကို ပြည်သူ့စစ်မှု ထမ်းဥပဒေဖြင့် အဓမ္မဖမ်းဆီး စစ်မှုထမ်းစေခဲ့သလို လမ်းတွေ၊ စစ်ဆေးရေးဂိတ်တွေနဲ့ လုပ်ငန်းခွင် တွေကလူငယ်တွေကိုပါ နည်းလမ်းပေါင်းစုံနဲ့ဖမ်းဆီးပြီး စစ်ထဲထည့် ရှေ့တန်းပို့ဆောင်တာတွေ လုပ်ဆောင်လျှက်ရှိပါတယ်။
စစ်တပ်က ရှေ့တန်းကနေထွက်ပြေးတဲ့တပ်သားသစ်တွေကို လူမဆန်စွာ သတ် ဖြတ်တဲ့လုပ်ရပ်တွေကို ဧရာ၀တီ စစ်မျက်နှာသာမက ရခိုင်၊ ချင်း၊ ကချင်နဲ့ တနင်္သာရီဒေသတွေမှာပါ လုပ်ဆောင်နေပြီး ဖိနှိပ်မှုဒဏ် မခံနိုင်တဲ့ တပ်သား သစ်လူငယ်တွေကလည်း စစ်တပ်အရာရှိတွေကို ပြန်လည်သတ် ဖြတ်လုပ် ကြံမှုတွေ လုပ်ဆောင်နေကြောင်း လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။