ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၂ ရက်

ချက်သမ္မတနိုင်ငံတွင် ကျင်းပသည့် Karlovy Vary အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် မြန်မာ ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာ အောင်ဖြိုး၏ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားဖြစ်သော “Fruit Gathering-သစ်သီးခူး” အမည်ရှိ ရုပ်ရှင်သည် Grand Prix Crystal Globe ဆုကြီးကို ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့ အဆိုပါ ဆိုကြီးကို ရရှိခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသူ အားလုံးသည် ပရော်ဖက်ရှင်နယ် သရုပ်ဆောင်များ မဟုတ်ကြဘဲ သာမန် အရပ်သားများသာ ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်အကဲဖြတ် ဒိုင်လူကြီးများ၏ သုံးသပ်ချက်အရ အဓိကဇာတ်ကောင်၏ သရုပ်ဆောင်မှုသည် အံ့အားသင့်စရာကောင်းလောက်အောင် ထူးခြားပြောင်မြောက်ပြီး ကြည့်ရှုသူတို့၏ ရင်ထဲတွင် စွဲကျန်ရစ်စေမည့်အပြင်အမျိုးသမီးဇာတ်ဆောင်ဆုအတွက်ပါ ထည့်သွင်းစဉ်းစားခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

 

“Fruit Gathering” ရုပ်ရှင်သည် ခေတ်ပြိုင်သာမန်လူတို့၏ လူမှုစီးပွားဘဝကို ပုံဖော်ထားသည့် လူမှုရေးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး တစ်ဖက်တွင်လည်း နက်ရှိုင်းသော အချစ်အကြောင်းကို အမြင်ပိုင်း ဆိုင်ရာ ကြွယ်ဝမှု၊ အလွှာစုံပါဝင်မှုတို့ဖြင့် ရသစုံလင်စွာ ပြန်လည်သက်ဝင်လှုပ်ရှားစေသည့် ခေတ်သစ်ဒရာမာ ရုပ်ရှင်တစ်ခု ဖြစ်သည်။

 

ဓာတ်ပုံ – Vit Jenecek