‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၂ရက်

‎ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်တပ် တပ်ဖွဲ့ဝင်များ အင်အား တိုးမြှင့် ချထားခြင်း၊ ရိက္ခာနှင့် ခဲယမ်းများ သယ်ယူရွှေ့ပြောင်းခြင်းနှင့် စစ်ရေးပြင်ဆင်မှုများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ကမ်းနီဘက်မှ စစ်တပ် တပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် ‎ပြီးခဲ့သည့် ဇူလိုင် ၉ရက်‌နေ့က ရေကြည်မြို့နယ်၊ ကမ္ဘားကြီးကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ထိုနေ့တစ်ရက်တည်းတွင်ပင် စက်ဒေါင့်ကြီးဘက်မှ အင်အား များ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

‎”ကမ္ဘားကြီးမှာက လက်နက်ကြီးအထိုင်ချထားတယ်။ အင်အားတွေရာချီထပ်ရောက်လာပြီး တောဘက် ကို ဖြန့်မယ်သဘောရှိတယ်။ စက်ဒေါင့်ကြီးဘက်ကလည်း အင်အားတွေပို့နေတယ်။ ၅၀လောက်ရောက် လာတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎စစ်သုံးကားကြီးများ အရပ်ဘက်မော်တော်ယာဉ်များဖြင့် လူသုံးယောက်ခန့် သယ်ယူရသည့် ကြီးမား သော စစ်အသုံးအဆောင်များနှင့် ခဲယမ်းထုပ်ကြီး ငါး ထုပ်ကို ပြန်လည်သယ်ဆောင်သွားခဲ့သည်။

အဆိုပါအထုပ်များကို ရိုးအနီး တောဘက်ပိုင်းမှ သယ်ဆောင်လာခြင်းဖြစ်ပြီး ဝါးတောကွင်းမှတစ်ဆင့် စက်ဒေါင့်ကြီးသို့ စက်လှေများဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

‎သာပေါင်းမြို့နယ် ဝါးတောကွင်းကျေးရွာဘက်မှ ပြည်သူပိုင် လှည်း ၁၀ စီးခန့်ကို စစ်တပ်က အတင်းအဓမ္မ ချောဆွဲ ခိုင်းစေခဲ့ရာ လမ်းကြောင်းတွင် လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ခဲ့သော်လည်း မပေါက် ကွဲဘဲ မြေကြီးထဲသို့ စိုက်ဝင်သွားခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

စစ်တပ်က ရွှေရင်မျှော်နှင့် ဘုရားကြီးရှိ စစ်အခြေစိုက်နေရာများတွင် ဗုံးခိုကျင်းများနှင့် ကာကွယ်ရေး ကတုတ်ကျင်းများကို တူးဖော် နေပြီး ထိုသို့ဆောက်လုပ်ရာတွင် ဒေသခံပြည်သူများ၏ ပစ္စည်းများကို အသုံးပြုကာ တည်ဆောက်နေသဖြင့် ဒေသခံများ နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။

ထို့ပြင် သာပေါင်း၊ ကြက်သွန်ကွင်းလမ်းဆုံရှိ စစ်တပ် ကင်းစခန်းနှင့် ဂိတ်များတွင်လည်း ယခင်ကထက် လုံခြုံရေးတိုးမြှင့်ထားပြီး တာဝန်ကျ ရဲနှင့် စစ်သားများသည် ကျည်ကာအင်္ကျီများကို ဝတ်ဆင်ကာ စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ(ပုံဟောင်း)