ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာစစ်အုပ် စုခန့် နိုင်ငံခြားရေးဝန်ကြီးတို့ကြား အလွတ်သဘောအစည်းအဝေးတစ်ခု ကျင်းပဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားလိုက်ပါတယ်။
ဒီအစည်းအဝေးဟာ မြန်မာ့အရေးကို ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေအပေါ် စစ်အုပ်စုက အစဉ်တစိုက် မလေးမခန့် လုပ်ဆောင်နေတာကို လျစ်လျူရှုပြီး စစ်အုပ်စုနဲ့ ဆက်ဆံရေးကို အာဆီယံက ပုံမှန်လို ပြန်လုပ်ပေးရာ ရောက်နေတယ်လို့ ၎င်းက ဆိုပါတယ်။
၎င်းအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူစဉ်ကတည်းက အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်( 5PC) ဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ မလုံလောက်ဘူးလို့ ပြောခဲ့ကြောင်းနဲ့ ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်မယ့် ရှင်းလင်းတဲ့ ရလဒ်ပါဝင်တဲ့ မူဘောင်အသစ်တစ်ခုကိုလည်း အလွတ်သဘော အဆိုပြုခဲ့ဖူးတယ်လို့ ဆိုင်ဖူဒင်က ရှင်းပြပါတယ်။
စစ်အုပ်စုဟာ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး ပြည်သူတွေ အပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်ခဲ့တဲ့အပြင် လွှတ်တော်ကလည်း ဇူလိုင် ၉ ရက်နေ့မှာ 5PC ကို ငြင်းပယ် တဲ့အဆိုကို တရားဝင် အတည်ပြုခဲ့ကြောင်း၊ အာဆီယံရဲ့ အနိမ့်ဆုံး အဆိုပြုချက်ကိုတောင် ငြင်းပယ်နေတဲ့ စစ်အုပ်စုကို အခုလို အဆင့်မြင့်ဆွေးနွေးပွဲနဲ့ ဆုချီးမြှင့်သလို လုပ်နေတာကို ၎င်းက မေးခွန်းထုတ်ခဲ့ပါတယ်။
ဇွန်လ ၂၅ ရက်နေ့ လွှတ်တော်တွင်းမှာ လက်ရှိ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာစစ် အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာဟာ ဆက်ဆံရေး ပုံမှန်ပြန်လုပ်သလို ဖြစ်နေကြောင်း သတိ ပေးခဲ့ဖူးပြီး အခုကျင်းပမယ့် အစည်းအဝေးနဲ့ပတ်သက်လို့ မလေးရှားအစိုးရက နှုတ်ဆိတ်နေမှုအပေါ် ၎င်းက ဝေဖန်ပါတယ်။
လက်ရှိ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒီအစည်းအဝေးကို မတက်ရောက်ဖို့ တိုက်တွန်းကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ညကလည်း ဝန်ကြီးထံ ဖုန်းနဲ့စာတို ပေးပို့ကာ အကြောင်းကြားခဲ့ တယ်လို့ သူက ဆိုပါတယ်။
မလေးရှားနိုင်ငံက ဒီအစည်းအဝေးကို မထောက်ခံသင့်ကြောင်း၊ မလေးရှားက အာဆီယံဥက္ကဋ္ဌ တာဝန်ယူခဲ့စဉ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EROs) နဲ့ ရိုဟင်ဂျာကိုယ်စားလှယ်များအပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ မလေးရှားရဲ့ မူဝါဒရည်မှန်းချက်တွေကို ဒီအစည်းအဝေးက ဖျက်ဆီးပစ်လိုက်သလို ဖြစ်စေနိုင်လို့ပဲလို့ ဆိုင်ဖူဒင်အဗ္ဗဒူလာက ထောက်ပြပါတယ်။
ကိုးကား – Malaysiakini
Ref; Asean should not normalise relations with Myanmar’s junta