ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ယနေ့ ဇူလိုင် ၁၂ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးနဲ့ အလွတ်သဘော အစည်းအဝေးတစ်ရပ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်ဆန်းပိုင်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံရဲ့ စစ်တပ်ကျော ထောက်နောက်ခံပြု အစိုးရသစ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ပြည်တွင်းစစ် ကြောင့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကနေ ဖယ်ကြဉ်ခံထားရတဲ့ ခေါင်းဆောင်တွေရဲ့ ပိတ်ပင်ထားမှု တွေ ပြန်လည်ရုပ်သိမ်းပေးဖို့ ကြိုးပမ်းနေချိန်မှာ ဒီအစည်းအဝေး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ယခုအစည်းအဝေးဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အမြင်ချင်း တိုက်ရိုက်ဖလှယ်နိုင်ဖို့၊ ပူးပေါင်း ဆောင်ရွက်မှုတွေ အားကောင်းလာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးပွဲတွေ ကို မြှင့်တင်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ ဖမ်သူဟန်က ပြောထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပုံမှန်သတင်းစာရှင်းလင်းပွဲ အစီအစဉ်မှာ ဒီအစည်းအဝေး ရှိတာကို အတည်ပြုထားပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေတဲ့ မြန်မာနိုင်ငံရဲ့ ရေ ရှည်ပြည်တွင်းစစ်ဟာ ဆင်းရဲမွဲတေနေတဲ့ နိုင်ငံရဲ့ ဒေသအများအပြားကို ပျက်စီးစေခဲ့ပြီး လူပေါင်း ၁ သိန်း ကျော် သေဆုံးကာ သန်းနဲ့ချီတဲ့ ပြည်သူတွေကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ပါတယ်။

နေပြည်တော်အစိုးရသစ်နဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့ ထိုင်းနိုင်ငံရဲ့ တွန်းအားပေးမှုကြောင့် မေလ ထိပ်သီးအစည်း အဝေးမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသံတမန်နဲ့ ဗီဒီယို ကွန်ဖရင့်ကတစ်ဆင့် အစည်းအဝေးပြုလုပ်ဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၁ နိုင်ငံပါ အာဆီယံအဖွဲ့ဟာ မြန်မာစစ်အုပ်စုက အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ပြီးနောက် မြန်မာစစ်အစိုးရနဲ့ အလှမ်းကွာဝေးခဲ့ပေမဲ့ အဖွဲ့ဝင် နိုင်ငံ အတော်များများက အဲဒီနောက်ပိုင်း ရပ်တည်ချက်သဘောထားတွေ ပြောင်းလဲခဲ့ပါတယ်။

ဒီကနေ့ ဘန်ကောက်မှာလုပ်မယ့် အလွတ်သဘောအစည်းအဝေးဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကမကထပြုမှုနဲ့ လုပ်ဆောင်တာဖြစ်သလို စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံလိုတဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် ဝန်ကြီးတွေပဲ အဓိက တက်ရောက်ဖို့ ရှိနေပြီး အာဆီယံရဲ့ မူ ၅ ရပ်ကို ဆွဲကိုင်ထားတဲ့ အာဆီယံနိုင်ငံတွေကတော့ ကိုယ်စားလှယ်များသာ စေလွှတ်ဖို့ရှိတယ်လို့ သိရပါတယ်။

ကိုးကား – Reuters
Ref; ASEAN foreign ministers to hold meeting with Myanmar counterpart at weekend