ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

 

အနီးစခန်းလေဆိပ်ပတ်ဝန်းကျင်ရှိနေအိမ်၊မြေများကိုသိမ်းဆည်းကာ အနီးစခန်းလေဆိပ်ကို ခရီးသည်တစ်ထောင်ဆန့်ရန်ပြင်ဆင်လိုက်ပြီးနောက် ယနေ့ ဇူလိုင် ၁၁ ရက်နေ့တွင် ရွေးတုသမ္မတမင်းအောင်လှိုင် ကိုယ်တိုင်ဖွင့်လှစ်လိုက်ကြောင်းသတင်းရရှိသည်။

 

ယမန်နေ့ကတည်းက ပြင်ဦးလွင်မြို့ရှိ လမ်းဘေးဈေးသည်များကိုရှင်းလင်းလိုက်ပြီး ဆိုင်ပိတ်ခိုင်းထားကာ ယနေ့တွင် အနီးစခန်းလေဆိပ်ကို မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦး ကပြောကြားသည်။

အဆိုပါအနီးစခန်းလေဆိပ်မျက်နှာစာရှေ့ရှိ မန္တလေး – လားရှိုးလမ်းကို လေးလမ်းသွားအဖြစ် အဆင့်မြှင့်လိုက်ရာ လမ်းခင်းပြီးပြီဖြစ်ကြောင်း၊ မကြာခင်လေယာဉ်ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

“ တစ်မြို့လုံးရှင်းနေတာ၊ စည်ပင်တွေ ဘဲဥတွေအလုပ်လုပ်နေတာနဲ့ မင်းအောင်လှိုင်လာတော့မယ်ဆိုတာသိနေတယ်။ ဘယ်နေ့ရောက်မယ်ဆိုတာပဲမသိတာ။ ဒီနေ့ အနီးစခန်းလေဆိပ်ဖွင့်တယ်ဆိုတော့ ရောက်လာတာပေါ့။ အရင်က အဲဒီလိုရှင်းလင်းနေပြီး နှစ်ရက်လောက်နေမှရောက်လာတာ” ဟု ပြင်ဦးလွင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

 

ရွေးတုအစိုးရသည် ရတနာပုံဆိုက်ဘာစီးတီးကိုအကောင်အထည်ဖော်ခြင်း၊ ပြင်ဦးလွင်မြို့ကို မြို့ပြဖွံ့ဖြိုးရေး Smart City အဖြစ်ပြောင်းလဲနေရာတွင် ရင်းနှီးမြှပ်နှံသူများအပါအဝင် လူထုကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကြောင်းပြလိုသဖြင့် အနီးစခန်းလေဆိပ်ကို တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ်ပြေးဆွဲမည် တရားဝင်ခရီးစဉ်လမ်း ကြောင်းမထွက်သေးကြောင်းလေယာဉ်လက်မှတ်ရောင်းသူတစ်ဦးက ဆိုသည်။

 

အာဏာသိမ်းစစ်ခေါင်းဆောင် ရွေးတုသမ္မတမင်းအောင်လှိုင်သည် အပန်းဖြေခရီးသွားမြို့တော်ပြင်ဦးလွင်မှာ လူနေထူထပ်လာသည်ဟုဆိုပြီး မြို့ပြဖွံ့ဖြိုးရေး ဒီဇိုင်းပြောင်းလဲနေရာ၌ ပြင်ဦးလွင်ဘူတာဈေးကို ဟိုတယ်နှင့်ဈေးဝယ်စင်တာ ဆောက်လုပ်ရန်ပြင်ဆင်နေခြင်း၊ ရပ်ကွက်ကြီး ၂၁ မိုးကြိုးရွာ၊ လေးအိမ်စုရွာ၊ တောင်ပြိုရွာကနေ ပြင်ဦးလွင်မြို့ထဲသွားလာနိုင်ရန် လူနေအိမ်ခြေများဖျက်ပစ်ပြီး လမ်းခင်းနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်