မြရာ/ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၁ ရက်

သမိုင်းဆိုသည်မှာ ဖျက်၍မရသည့် ကျောက်စာတစ်ခု ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ အာဏာရှင် အဆက်ဆက်က ထိုကျောက်စာကို တူနှင့်ထု၍ ခြေဖျက်ရန် ကြိုးပမ်းခဲ့ကြသည်။ မိမိတို့ အာဏာ တည်မြဲရေးနှင့် ပုံရိပ်တည်ဆောက်ရေးအတွက် တိုင်းပြည်နှင့် လူထုခေါင်းဆောင်များကို ရိုက်ချိုးခြေ မှုန်းခြင်း၊ မလိုအပ်သည့်အခါ ရက်ရက်စက်စက် ဖယ်ရှားခြင်းဟူသော အစဉ်အလာဆိုးသည် စစ်အုပ်စု ၏ အသွေးအသားထဲအထိ စွဲကပ်နေခဲ့ပြီဖြစ်သည်။

လက်ရှိတွင်လည်း သမ္မတအမည်ခံ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏အပေါင်းအပါများသည် ၎င်းတို့ မျက်စိစူးနေရသည့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထားရှိသည့် မနာလိုစိတ်နှင့် အမုန်းတရားများကို ဗြောင်ကျကျ ရုပ်လုံး ဖော်ပြသလာနေသည်။

ပြည်သူလူထုက တခဲနက် ချစ်ခင်မြတ်နိုးကြသည့် ဗိုလ်ချုပ်သားအဖ၏ ပုံရိပ်သည် အာဏာသိမ်း စစ်အုပ်စု၏ သေးသိမ်မှုကို သိက္ခာချနေသကဲ့သို့ ခံစားနေရသဖြင့် ပြည်သူလူထုကိုယ်ပိုင်ငွေဖြင့် စိုက်ထူ ထားသော ဗိုလ်ချုပ်ရုပ်တုများကို နည်းမျိုးစုံဖြင့် လိုက်လံဖြိုဖျက်ကာ သမိုင်းကိုဖျောက်ဖျက်ရန် ကြိုးပမ်း လာခြင်း ဖြစ်သည်။

“ပေါ်ပေါ်တင်တင်လုပ်တာက တော်တော်ကြီးကို အံ့ဩဖို့ကောင်းတယ်။ ကျွန်တော်တို့လည်း စစ်တပ် ထဲကို ရောက်ကြတယ်။ ပုံမှန်အားဖြင့် တော်တော်များများက ဗိုလ်ချုပ်အောင်ဆန်းကို အားကျတယ် ပေါ့။ သူ့ကို စံနမူနာထားပြီးတော့ နိုင်ငံတော်ကို ကာကွယ်ချင်တယ်ဆိုတဲ့စိတ်၊ အဲဒီစိတ်နဲ့ ဝင်တာ” ဟု တပ်မတော်သား CDM အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးဇင်ယော်က စစ်တပ်အတွင်း ဝင်ရောက်ဖြစ်ခဲ့ပုံကို ပြောသည်။

သို့သော် မျက်မှောက်ခေတ် မြေပြင်တွင်မူ ဗိုလ်ချုပ်ရုပ်ထုများဖျက်ဆီးနေသည့် အာဏာသိမ်း စစ်အုပ်စုသည် အာဏာလုယူခါစက ဗိုလ်ချုပ် အောင်ဆန်း၏ ပုံရိပ်ကိုပင် ၎င်းတို့အကျိုးစီးပွားအတွက် လိုသလိုဆွဲယူ ဝါဒဖြန့်ခဲ့ကြသေးသည်။

၁၉၄၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် အသံလွှင့်မိန့်ခွန်းမှ “ရွေးကောက်ပွဲ ဖျက်မယ်ဆိုတဲ့လူတွေကိုတော့ ကျုပ်တို အစိုးရကလည်း ဒီတိုင်း ကြည့်နေမှာ မဟုတ် ဘူး။ အပြင်းအထန် နှိပ်ကွပ်ရမှာပဲ” ဆိုသည့် စကားရပ်ကို အာဏာလုစစ်တပ်က ၎င်းတို့၏ဝါဒဖြန့် သတင်းစာများနှင့် ရုပ်သံလိုင်းများတွင် ပြည်သူကို ခြိမ်းခြောက်ရန် နေ့စဉ်ရက်ဆက် အသုံးချခဲ့ဖူးသည်။

မိမိတို့၏ အာဏာလုယူမှုကို တရားဝင်မှုအဖြစ် အယောင်ပြရန် ဗိုလ်ချုပ်၏မိန့်ခွန်းကို ကောက်နုတ်ဝါဒ ဖြန့်ခဲ့ကြသော်လည်း ယခုအခါ အစိုးရအတုအာဏာ ခိုင်မြဲရေးအတွက် လက်နက်အားကိုးဖြင့် ပုံဖော် လာနိုင်ချိန်တွင်မူ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများကို ရက်ရက်စက်စက် ဖျက်ဆီးသည့် လမ်းစဉ်သို့ ပြောင်းလဲလာခဲ့သည်။

လတ်တလော မြေပြင်ကိန်းဂဏန်း အချက်အလက်များအရ ဇူလိုင်ပထမပတ် ရက်ပိုင်းအတွင်း၌တင် မြို့နယ်အချို့မှ ဗိုလ်ချုပ်ကြေးရုပ် ၉ ခုထက်မနည်း ဖယ်ရှားဖျက်ဆီးခြင်း ခံခဲ့ရသည်။ ဇူလိုင် ၁ ရက်မှ ၃ ရက်အတွင်း ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံ၊ သာကေတမြို့နယ် မြကန်သာပန်းခြံတို့ရှိ ဗိုလ်ချုပ်ရုပ်တုများနှင့် ဧရာဝတီတိုင်း ကျုံပျော်မြို့မှ ဗိုလ်ချုပ် ရုပ်တုတို့ ဖယ်ရှားခံခဲ့ရသည်။

ထို့အပြင် ဇူလိုင် ၅ ရက်နှင့် ၆ ရက်နေ့များတွင် ပဲခူးအနောက်ခြမ်း ဇီးကုန်းမြို့ မီးပွိုင့်အနီးရှိ ရုပ်တု၊ မကွေးတိုင်း မင်းဘူး၊ ကံမ၊ တောင်တွင်းကြီးမြို့ရှိ အာဇာနည်ရင်ပြင်မှ အာဇာနည် ၉ ဦး၏ ကြေးရုပ် တုများနှင့် ရေစကြိုမြို့ရှိ ဗိုလ်ချုပ်ရုပ်တုတို့ ဆက်တိုက်ဆိုသလို ပျောက်ကွယ်သွားခဲ့ရသည်။

“သူ(မင်းအောင်လှိုင်) လည်း စစ်သားတစ်ယောက်ပဲ၊ စစ်တက္ကသိုလ်တောင်တက်ခဲ့တာပဲ။ သူ့ရဲ့ မလိုမုန်း ထားစိတ်နဲ့ ကြောက်ရွံ့စိတ်က တော်တော်ကြောက်ဖို့ကောင်းတယ်။ ဗိုလ်ချုပ်ဆိုတာ အမျိုးသားရေး ခေါင်းဆောင်ဖြစ်သလို ဒီစစ်တပ်ကြီးတစ်ခုလုံးကို တည်ထောင်ခဲ့တဲ့လူ။ သူက ပြည်သူတွေရဲ့ စိတ်ကို တမင်ရိုက်ချိုးနေတာဖြစ်ပေမယ့် အခုအနေအထားက ပြည်သူတွေရဲ့ ဒေါသကိုပဲ ပိုဖြစ်စေတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်အာဏာရှင်များက ရုပ်တုများကို ရိုက်ချိုးနေသော်လည်း ပြည်သူလူထု၏ ရင်ထဲတွင် ကိန်းအောင်း နေသည့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အပေါ်ထားသည် ဂါရ၀တရားနှင့်လေးစာမူကို မည်သည့် အာဏာစက်ဖြင့်မျှ ခြေဖျက်၍ မရကြောင်း ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဖြေကြားသည်။

“ဒီလိုလိုက်လုပ်တာကလေ ပြည်သူအပေါ် သူတို့က ဩဇာလွှမ်းမိုးမှုက မရှိဘူးဆိုတာ သူတို့ ကိုယ်တို င် သိတယ်။ နှစ်ပေါင်းများစွာကြာပြီ သေသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်က ပြည်သူ့နှလုံးသားထဲမှာ အခုထိ အသက်ရှင်နေတာ။ ဒီစစ်သားကြီးရဲ့ နှလုံးသားကို ပြည်သူတွေက မြင်နေတာ။ ကောင်းတာတွေပဲ လုပ်ပေး မယ်ဆိုတာ ပြည်သူက စိတ်ထဲကကို သိနေမြင်နေတာ”

စစ်အုပ်စု၏ အမုန်းတရား ပစ်မှတ်သည် ဗိုလ်ချုပ်အောင်ဆန်းတွင် တစ်ယောက်တည်းတွင် ရှိမနေဘဲ ၎င်းတို့ မတရားဖမ်းဆီးထောင်ချထားသည့် ဗိုလ်ချုပ်၏သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ထံသို့ပါ ရည်ညွှန်းသည်။ မကြာသေးမီ ဇွန် ၁၄ ရက်နေ့ ညပိုင်းက တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) အတွင်းသို့ စစ်တပ်က ဝင်ရောက်ကာ ခြံဝင်းထိပ်ရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို ဖယ်ရှားခဲ့သည်။

ဓာတ်ပုံနှင့်အတူ “လူထုနဲ့ တိုင်းပြည်မျက်နှာကို ထောက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ”ဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်းစာသားကိုပင် ဗြောင်ကျကျ ဖြုတ်ချယူဆောင် သွားခဲ့ခြင်းက သက်သေ ဖြစ်သည်။

“ဗိုလ်ချုပ်ရဲ့ အရေကိုခြုံ၊ ဗိုလ်ချုပ်စကား၊ ဗိုလ်ချုပ်ထူထောင်ခဲ့တဲ့တပ်ကို မောင်ပိုင်စီးထား ပြီးတော့ ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို ဖျက်ဆီးတာက ပြောရရင် ဗေဒင်ယတြာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒီစစ်တပ် ကြီးတစ်ခုလုံးက သူ့ရဲ့ အမိန့်ပေါ် ပြန်မလှန်နိုင်အောင်လို့၊ တွန်းလှန်လာမှာစိုးလို့ တမင်နာမ်နှိမ်ပြီးကာမှ တပ်မတော်ရဲ့ တည်ထောင်သူ၊ တပ်မတော်ရဲ့ ဖခင်ကို တမင်ရိုက်ချိုးနေတဲ့ အနေအထားမျိုးပေါ့” ဟု CDM တပ်မတော်သား အရာရှိက ၎င်းတွေ့ကြုံခဲ့ဖူးသည့် စစ်ခေါင်းဆောင်များ၏ ယတြာခြေမှုနှင့် ဆက်စပ်၍ ပြောသည်။

စစ်အာဏာရှင်ခေတ်အဆက်ဆက်သည် လူထုခေါင်းဆောင်များကို အမှောင်ချ ဖိနှိပ်ထားနိုင်သော်လည်း ပြည်သူ့အပေါ်ထားသည့် မြင့်မြတ်သော ခေါင်းဆောင်မှုအမွေအနှစ်မှာ လူထုရင်ထဲ စွဲကျန်ရစ်မြဲ ဖြစ်သည်။

“ဗိုလ်ချုပ်သမီးဆိုလည်း ဒီအမျိုးသမီးက ပြည်သူတွေအပေါ် ဘာတွေလုပ်ပေးလဲဆိုတာ ပြည်သူတွေ ကိုယ်တိုင် ခံစားသိကြတယ်။ ခဏတာလေး အစိုးရဖြစ်ခဲ့တဲ့ အချိန်လေးမှာတောင် ဒီအမျိုးသမီး ကြီးဟာ ငါတို့အပေါ် ကောင်းသွားမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်၊ သူမရှိတော့ရင်တောင် ကောင်းကျိုး အမွေကိုပဲ ချန်ခဲ့မယ့် ခေါင်းဆောင်တစ်ယောက်ဆိုတာကို ပြည်သူတွေက ယုံကြည်သွားတာ” ဟု CDM ကထိက ဆရာမတစ်ဦးက ဆိုသည်။

စစ်အုပ်စု၏ ကြောက်စိတ်သည် နိုင်ငံရေးတွင်တင်မကဘဲ ပြည်သူတို့၏ အောက်မေ့ဖွယ် အထိမ်း အမှတ် များအထိ ကူးစက်လာပြီး ဗိုလ်ချုပ်မွေးနေ့တွင် ပြည်သူများက “ပဲပြုတ်နံပြား” စားခြင်း၊ ဒေါ်အောင် ဆန်းစုကြည်မွေးနေ့တွင် “အနီရောင်နှင်းဆီ” ပန်းပန်ခြင်းများကိုပါ လိုက်လံရိုက်နှက် ဖမ်းဆီး သည်အထိ ၎င်းတို့၏ သေးသိမ်မှုကို ပြသခဲ့သည်။

“မင်းအောင်လှိုင်လို စစ်အာဏာရှင်တစ်စုကတော့ ခေတ်အဆက်ဆက် ပြည်သူ့အမုန်းပဲ ရခဲ့တော့ အငုံ့စိတ်တွေနဲ့ သမိုင်းကနေ အပြီးအပိုင် ဖယ်ချင်နေတာ။ နောင်ခေတ်အဆက်ဆက်မှာ ပြည်သူတွေက ကြောက်ပြီးတော့ သမိုင်းမှာ မသိကြရတော့အောင် မှေးမှိန်သွားအောင် လိုက်ပြီး ဖျောက်ဖျက်နေတာ။ အငုံ့စိတ်နဲ့ လူတွေ” ဟု ပြည်သူတစ်ဦးက သမိုင်းဖျောက်ဖျက်ခံရမှုကို ရင်ဖွင့်သည်။

အဆိုပါ ဗိုလ်ချုပ်ရုပ်တုများကို ဆက်တိုက်ဖယ်ရှားနေသည့် ကိစ္စနှင့်ပတ်သက်၍ စစ်အုပ်စု၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးကမူ “ဗိုလ်ချုပ်ရုပ်ထုအားလုံးကို ဖယ်ရှားနေခြင်း မဟုတ်ဘဲ အချိုးအစားနှင့် ပုံသဏ္ဍာန် မမှန်ကန်သည့် ရုပ်ထုအချို့ကိုသာ ပြန်လည်စိစစ်နေခြင်းဖြစ်သည် လိမ်လည် ပြောဆိုသည်။ ထို့ပြင် ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေအရ စနစ်ကျအောင် ဆောင်ရွက် နေ ခြင်းဖြစ်သည်” ဟု ဥပဒေအကြောင်းပြကာ ငြင်းဆိုထားသည်။

သို့သော်လည်း ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်သူ CDM ဗိုလ်ကြီးဇင်ယော်ကမူ စစ်ခေါင်းဆောင် မင်းအော င်လှိုင်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ယခုလို ဝေဖန်ခဲ့သည်။

“အခုအမိန့်ပေးတဲ့သူရော လိုက်လုပ်တဲ့သူတွေရော စစ်သားတွေ လုပ်ခဲ့ဖူးတဲ့သူတွေပါ။ ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်မိသားစုတွေအပေါ်မှာ တော်တော်လေးကို အငြိုးတရားကြီးတယ်လို့ ပြောလိုတယ်။ မင်းအောင် လှိုင် ဘယ်လိုစိတ်ဓာတ်နဲ့ တပ်ချုပ်ဖြစ်လာတယ်ဆိုတာတောင်မှပဲ တော်တော်စဉ်းစားစရာ ကောင်း ပြီးတော့ တော်တော်ရွံရှာစရာကောင်းတဲ့ အဆင့်ထိရောက်နေပြီ။ သူက စစ်သားစိတ်လည်း ရှိတာ မဟုတ်ဘူး။ တိုင်းပြည်ကို ဖျက်ဖို့အတွက် အဖျက်သမားစိတ်ပဲ ရှိတဲ့လူလို့ ကျွန်တော်ကတော့ မြင်ပါတယ်”

မကြာမီ ရက်ပိုင်းအတွင်း မြန်မာပြည်သူတို့၏ ဝမ်းနည်းခြင်းပြယုဂ်ဖြစ်သော (၇၉) ကြိမ်မြောက် အာဇာ နည်နေ့ အခမ်းအနား ကျရောက်တော့မည်ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးဗိသုကာ၏ သမီးအရင်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ်နှောင်မှု အောက်တွင် နေအိမ်အကျယ်ချုပ် သို့မဟုတ် အကျဉ်းထောင်တစ်နေရာ၌ ကမ္ဘာနှင့်အဆက်ပြတ်လျက် ရှိနေရဦးမည် ဖြစ်သည်။

လက်ရှိအချိန်အထိ သူမ သက်ရှိထင်ရှား ကျန်းကျန်းမာမာ ရှိနေကြောင်းကိုပင် ပြည်သူလူထုသို့ သက်သေပြရန် ပျက်ကွက်နေသည့် စစ်တပ်သည် ဖခင်ဖြစ်သူအား ဂါရဝပြုခွင့်ပေးရန် ဆိုသည်မှာ ဖြစ်နိုင်ခြေမရှိသော အိပ်မက်တစ်ခုသာ ဖြစ်သည်။

စစ်အာဏာရှင်တို့သည် မိမိတို့ အာဏာရရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ကို လိုသလို ဝါဒဖြန့် အသုံးချခဲ့ကြပြီး အကြောက်တရားဖြင့် သေနတ်မိုး အုပ်ချုပ်၍ အာဏာတည်မြဲ သွားသည့်အခါတွင် သစ္စာမဲ့လုပ်ရပ်အတိုင်း ဗိုလ်ချုပ်သားအဖ၏ သမိုင်းကြောင်းများကို ဖျက်ဆီးရန် ကြိုးပမ်းလာမည်ဖြစ်သည်။

သမိုင်းကို ကြောက်ရွံ့ပြီး ပန်းနှင့် ပဲပြုတ်ကိုပါ ရန်သူလို သဘောထားနေသည့် စစ်အုပ်စုသည် ဗိုလ်ချုပ်တို့သားအဖ သမိုင်းကို ဖျောက်ဖျက်နိုင်မည် မဟုတ်ဘဲ ၎င်းတို့လုပ်ဆောင်နေမှုများသာ သမိုင်းဆိုးအဖြစ် ကျန်ရစ်နေမည်ဖြစ်သည်။