ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရတပ်၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကြောင့် ယခုနှစ် ခြောက် လအတွင်း နိုင်ငံတဝန်းရှိ အမျိုးသမီး (၇၀၀) ဦးဝန်းကျင် ထိခိုက်သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂက ယမန်နေ့တွင် ထိုသို့ထုတ်ပြန်ပြီး ဇန်နဝါရီမှ ဇွန်အထိ နိုင်ငံတဝန်းရှိ အမျိုးသမီး (၃၃၂) ဦး အသက်ဆုံးရှုံးရ၍ ထိခိုက်ဒဏ်ရာရသူ (၃၀၆) ဦးရှိကာ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကိုင်း၌ အများဆုံးသေဆုံး၊ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြဆိုသည်။

ထိုအမျိုးသမီးများ သေဆုံးခဲ့ရမှုများမှာ ရွေးတုအစိုးရတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၂၄၂) ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် (၄၂) ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် (၂၉) ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ကိုး ဦး၊ ကျည်ထိမှန်မှုကြောင့် ခုနှစ်ဦး၊ မြေမြှုပ်မိုင်းကြောင့် တစ် ဦး၊ ဆေးကုသခွင့် မရမှုကြောင့် တစ် ဦး၊ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် တစ် ဦး သေဆုံးခဲ့ရပြီး ထိုအထဲတွင် အသက်မပြည့်‌သေးသူ (၅၈) ဦး၊ ကိုယ်ဝန်ဆောင် (၁၀) ဦးနှင့် မသန်စွမ်း တစ် ဦးတို့လည်း ပါဝင်‌ဟု သိရသည်။

အလားတူ ထိခိုက်ဒဏ်ရာရ အမျိုးသမီးများမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် (၂၁၅) ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် (၅၀) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၂၆) ဦး၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် (၁၂) ဦးနှင့် ကျည်ထိမှန်မှုကြောင့် သုံးဦးတို့ဖြစ်သည်။

သေဆုံးရသည့် နိုင်ငံတဝန်း ဒေသများမှာမူ စစ်ကိုင်းနှင့် ပဲခူးတို့က ပထမနှင့် ဒုတိယ အများဆုံးဖြစ်ပြီး ရခိုင်က တတိယဖြစ်ကာ မကွေး၊ မန္တလေး၊ ကရင်၊ ချင်း၊ ကချင်၊ တနင်္သာရီ၊ မွန်၊ ကရင်နီ၊ ရှမ်းတို့ဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ထုတ်‌ပြန်ဖော်ပြချက်အရ သိရသည်။

၎င်းတို့အနေဖြင့်လည်း စစ်အုပ်စုမှ အသွင်ပြောင်းထားမှုကို “အစိုးရတစ်ရပ်” အဖြစ် အသိအမှတ်မပြုဘဲ ထိုအကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရန် သေချာသော အကူအညီနှင့် လက်တွေ့လုပ်ဆောင်များ ပြည်သူလူထုအတွက် အရေးတကြီး လိုအပ်နေကြောင်း တိုက်တွန်းပြောဆိုထားသည်။

ဓာတ်ပုံ- လူမှုကွန်ရက်