ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

 

မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသားများ ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့်ဝင်ထွက်သွားလာနေသော်လည်း တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေကြောင်း ရွေးတုအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Ms. Ma Jia တို့ ယမန်‌နေ့က တွေ့ဆုံချိန်တွင် ပြောကြားကြောင်းသိရသည်။

 

မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်၍ အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်းများ ပါဝင်မှုကို ဥပဒေနှင့်အညီရှာဖွေ ဖော်ထုတ်အရေးယူ ဆောင်ရွက်နေကြောင်းလည်း ဝန်ကြီးဦးမြင့်ကြိုင်က ပြောသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စများ အဆင်ပြေစေရန်၊ နှစ်နိုင်ငံအကြား နယ်စပ်ဒေသနေပြည်သူများ နယ်စပ်ဂိတ်များမှတစ်ဆင့် တရားဝင်အပြန်အလှန် ဝင်ထွက်သွားလာမှုအကြောင်း များဆွေးနွေးကြောင်းသိရသည်။

 

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၃၉ ဦးတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။

 

၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၇၃၁ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်း ရွေးတုအစိုးရထုတ်ပြန်ထားသည်။