နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

မြန်မာ့လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်များကို လိုက်လံဖြိုချ ဖျက်ဆီးနေမှုအား အချိုးအစားနှင့် ပုံသဏ္ဍာန် သင့်လျော်မှု မရှိသည့်အတွက် ၎င်းတို့အနေဖြင့် ဥပဒေအရ လုပ်ခြင်းဖြစ်ကြောင်း အာဏာသိမ်း ရွေးတုအစိုးရက ဆင်ခြေပေး ပြောဆိုလာသည်။

အာဏာသိမ်းပြီးနောက် ယခင် NLD အစိုးရကာလ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်များကို နိုင်ငံတဝန်း လိုက်လံဖြိုချ ဖျက်ဆီးနေသော စစ်အုပ်စုသည် အသွင်ပြောင်း ရွေးတုအစိုးရ ဖြစ်လာချိန်တွင် ပိုမိုလုပ်ဆောင်လာမှုအပေါ် ယခုကဲသို့ ပြန်လည်တုံ့ပြန်လာကြောင်း သိရသည်။

ရွေးတုအစိုးရအဖြစ် ဖန်တီးရယူဖြစ်လာချိန် ယခုနှစ် ဧပြီ ၁ ရက်မှစ၍ မြို့နယ် (၁၀၀) ကျော်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်များကို စိစစ်ရာ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ ကိုက်ညီမှုမရှိသော ကြေးရုပ်ထုအချို့ တွေ့ရှိရကြောင်း ရွေးတုသမ္မတ ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

ထို့အပြင် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့်လည်း လျော်ညီမှုမရှိသဖြင့် နောင်လာနောက်သားများ သမိုင်းတန်ဖိုး၊ အစဉ်အလာကို မှန်ကန်လေ့လာ ထိန်းသိမ်းနိုင်ရေး ရည်ရွယ်၍ ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ အထိမ်းအမှတ်မော်ကွန်းဥပဒေနှင့်အညီ လုပ်ခြင်းဖြစ်ကြောင်း ၎င်းက တုံ့ပြန်သည်။

“ဒါဟာ အကြောင်းပြချက်ပါ၊ မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ ကာတယ်လို့ ပြောရမှာပဲ။ ဘာလို့လည်းဆိုတော့ တမင်သက်သက် NLD လက်ထက်မှာ စိုက်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေပဲ ဖြိုဖျက်တာ။ သူတို့တည်ရင် အမှန်၊ သူများဆိုရင် အမှား” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် ဆင်ခြေပေးမှု တစ်ခုသာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ NLD ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို မနာလိုမုန်းတီးစိတ် အငြိုးအတေးဖြင့် လုပ်ခြင်းဖြစ်သလို NLD ပါတီ၊ ထောက်ခံသူတို့အား ဦးတည်အနိုင်ကျင့် ဖျက်ဆီးခြင်းလည်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

အလားတူ NLD ပါတီဝင်၊ CDM အရာရှိများနှင့် အကဲခတ်များကလည်း ထိုနည်းတူစွာ သုံးသပ်ထောက်ပြထားပြီး ခေတ်အဆက်ဆက် အာဏာရှင် စစ်အုပ်စုတို့သည် ၎င်းတို့အကျိုးစီးပွား‌အတွက် ပြည်သူများကို စည်းရုံးသည့်အခါ ဗိုလ်ချုပ်ပြောစကား၊ ရုပ်ပုံများအား အသုံးချလေ့ရှိကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတဝန်းရှိ NLD အစိုးရကာလ စိုက်ထူထားသည့် ဗိုလ်ချုပ်ကြေးရုပ်များကို လိုက်လံဖြိုချ ဖျက်ဆီးနေမှုများမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း စသည့် တိုင်းနှင့် ပြည်နယ်များ၌ (၁၅) ခုထက်မနည်း ရှိလာပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။

အဆိုပါလုပ်ရပ်မှာ သိက္ခာမဲ့ အောက်တန်းကျပြီး နိုင်ငံ၏အမျိုးသားရေး အထိမ်းအမှတ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းဖြစ်၍ ပါဝင်ကျူးလွန်သူများအား နောင်အချိန်တွင် ဥပဒေအရ ထောင်ဒဏ် (၇) နှစ်အထိ အရေးယူ ချမှတ်သွားနိုင်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီက သတိပေးထားသည်။

ယင်းအတူ NLD ပါတီကလည်း ယခုနှစ်၊ ဇူလိုင် ၈ ရက်‌တွင် အများပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးခြင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်း သင်္ကေတနှင့် အထောက်အထားများအား ရွေးတုအစိုးရမှ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန် ဖော်ပြလာသည်။

ထို့အပြင် ပြည်သူလူထု၏ ယုံကြည်ချက်နှင့် မျှော်လင့်ချက်များကိုပါ ရွေးတုအစိုးရသည် ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးနေခြင်းဖြစ်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကာ ၎င်းတို့အနေဖြင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီက ထည့်သွင်းဆိုထားသည်။

ဓာတ်ပုံ- လူမှုကွန်ရက်