ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်
ထိုင်းနိုင်ငံအတွင်းသို့ လာရောက်ကာ မွေးဖွားထားသည့် တရုတ်နိုင်ငံသားများ၏ကလေးများကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ရရန် ထိုင်းအမျိုးသားများကို ဖခင်အဖြစ်ဟန်ဆောင်စေကာ မွေးစာရင်းအတု ပြုလုပ်ပေးနေသည့် ဂိုဏ်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးမှုကို ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့နှင့် ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ “နဂါးအကြေးခွံခွာခြင်း”(Thot Klet Mangkon) ဟု အမည်ပေးထားသည့် စစ်ဆင်ရေးအောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပုဂ္ဂလိကဆေးရုံတစ်ခုမှ ဆေးရုံမှတ်တမ်းအရာရှိတစ်ဦးနှင့် မြို့နယ်ရုံးဝန်ထမ်းတစ်ဦးတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ ပြောဆိုချက်အရ အဆိုပါဂိုဏ်းသည် “တရုတ်ကလေးငယ်”(Chinese infant) ဂိုဏ်းဟု လူသိများပြီး တရုတ်အမျိုးသမီးများကို ထိုင်းတွင် လာရောက်ကလေးမွေးဖွားနိုင်ရန်စီစဉ်ပေးပြီး ထိုင်းအမျိုးသားများကို ဖခင်အဖြစ်အမည်ခံခိုင်းကာ ကလေးများကို ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားပေးနေခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့က ဖခင်အတုများဖြင့် နိုင်ငံသားဖြစ်ခွင့်ပြုလုပ်ပေးနေသည့် လက်ရှိအမှုမှာ ဘတ် ဘီလီယံ ၇၀ ကျော် ငွေကြေးခဝါချမှုနှင့် ဆက်နွှယ်နေသည့် တရုတ်အွန်လိုင်းလိမ်လည်မှုကွန်ရက်များကို စုံစမ်းရာမှတစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
စုံစမ်းစစ်ဆေးချက်များအရ တရုတ်လုပ်ငန်းရှင်များသည် ၎င်းတို့၏ ကလေးများကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ရရှိစေရန်ပြုလုပ်ထားပြီး ထိုနိုင်ငံသားကတ်များဖြင့် ထိုင်းနိုင်ငံအတွင်းရှိ အိမ်ခြံမြေနှင့် ပိုင်ဆိုင်မှုများတွင်ဖြစ်စေ တရားမဝင်လုပ်ငန်းများနှင့် ငွေကြေးခဝါချမှုများတွင်ဖြစ်စေ အသုံးပြုရန် ရည်ရွယ်ထားကြကြောင်းလည်း သိရသည်။
တရုတ်ကလေးငယ်များ ထိုင်းနိုင်ငံသားဖြစ်ရေးအတွက် ပြုလုပ်ပေးသည့်ဖြစ်စဉ်တွင် ဆေးမှတ်တမ်းအရာရှိအမျိုးသမီးက ပွဲစားခအဖြစ်ဘတ် ၂၀၀၀၀ အထိယူပြီး မြို့နယ်ရုံးအရာရှိက မွေးစာရင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများအတွက် ဘတ် ၂၀၀၀ မှ ၁၅၀၀၀ အထိရယူကာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ထိုင်းနိုင်ငံသားဖြစ်ရေးအတွက် ပြုလုပ်ပေးသည့်အမှုမှာ ၂၀၂၀ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအတွင်း၌ ဘတ် ၇၀၀၀၀ တန် ကလေးမွေးဖွားမှု အစီစဉ်အဖြစ် ကြော်ငြာကာ လုပ်ကိုင်နေခြင်းဖြစ်ပြီး သံသယဖြစ်ဖွယ်ဖြစ်စဉ် ၁၆၄ ခုအထိ တွေ့ရှိထားကြောင်းလည်းသိရသည်။
ကိုးကား – The Nation Thailand