ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်
စနေနေ့မှာပြုလုပ်မဲ့ ဆွေးနွေးပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ် ထားကြောင်း အီရန်နိုင်ငံအနေနဲ့ လူသိရှင်ကြား ကြေညာပေးဖို့နဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို ပစ်ခတ် နေတာတွေ ရပ်တန့်ပါမယ်လို့ ကတိပြုဖို့ အမေရိကန်က လိုလားနေပါတယ်။
သင်္ဘောတွေကို ပစ်ခတ်ခဲ့မိတာဟာ အမှားအယွင်းတစ်ခုဖြစ်ကြောင်း အီရန်အစိုးရက သမ္မတ ဒေါ် နယ်ထရမ့်ရဲ့ အကြံပေးတွေကို ဝန်ခံခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတွေကို ကိုးကားပြီး အမေရိကန် မီဒီယာတွေက ဖော်ပြပေမဲ့ အီရန်ကတော့ ဒီလုပ်ရပ်ဟာ သူ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့ အစွန်းရောက် အုပ်စုတစ်စုရဲ့ လက်ချက်ဖြစ်တယ်လို့ အပြစ်ပုံချခဲ့ပါတယ်။
အိမ်ဖြူတော်က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်မှုလို့ ရှုမြင်ခဲ့တဲ့ ယခုသီတင်းပတ်အတွင်း ဟော်မုဇ်ရေလက်ကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့်လည်း ဆွေးနွေးပွဲတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီထားကြတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း အမေရိကန်နဲ့ အီရန်တို့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ် ခုကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူညီချက်အရ အီရန်အနေနဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို ဘေးအန္တရာယ်ကင်းကင်း ဖြတ်သန်းခွင့်ပေးရမှာ ဖြစ်ပါတယ်။
အစွန်းရောက်အုပ်စုတစ်ခုက ကုန်သွယ်ရေးသင်္ဘောတွေကို ပစ်ခတ်ပြီး ဆွေးနွေးပွဲတွေကို ပျက် ပြားအောင် တမင်သက်သက် လုပ်ဆောင်နေတာလို့ အီရန်က ပြောကြားခဲ့ကြောင်း အမေရိကန် အဆင့် မြင့်အရာရှိတွေက CBS News ကို ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ထားကြောင်းနဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို ပစ်ခတ်တာတွေ ရပ်တန့်မယ်ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ပေးဖို့ အီရန်ခေါင်းဆောင်ပိုင်းထံ ဒေသတွင်း ကြားခံစေ့စပ်ပေး သူတွေကတစ်ဆင့် တောင်းဆိုထားကြောင်း မီဒီယာအမြောက်အမြားက ဖော်ပြပါတယ်။
စနေနေ့မှာ အိုမန်နိုင်ငံမှာပြုလုပ်မယ့် ဆွေးနွေးပွဲတွေကို ဒုတိယသမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယို၊ အရှေ့အလယ်ပိုင်း ဆွေးနွေးပွဲတွေမှာ အထူးပါဝင်ပတ်သက်နေတဲ့ အထူးကိုယ်စား လှယ် စတိဗ်ဝစ်ကော့ဖ်နဲ့ ဒေါ်နယ်ထရမ့်ရဲ့သမက် ဂျာရက်ကွတ်ရှ်နာတို့က ဦးဆောင်မှာပါ။
ကိုးကား – BBC
Ref; US wants Iran to pledge to stop shooting at ships in Strait of Hormuz