ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ရက်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ဘက်တွင် ရွေးတုအစိုးရစစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး စစ်တပ်ဘက်က ကျေးရွာများအတွင်းသို့ လေကြောင်းမှ ဗုံးအလုံးရေ အမြောက်အမြား ကြဲချတိုက်ခိုက်ခဲ့ကြောင်း Indaw Revolution (IR) အဖွဲ့ထံမှ သိရသည်။
မန္တလေး-မြစ်ကြီးနား ကားလမ်းပေါ်တွင်ရှိသည့် အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးဝန်းကျင်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ဇူလိုင် ၇ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်တပ်ဘက်က အထိနာကာ သေဆုံးမှုများပြားခဲ့ပြီး အလောင်းများနှင့် လက်နက်ခဲယမ်း အချို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုသို့ အထိနာသွားပြီးနောက် စစ်တပ်က မော်လူးမြို့တောင်ဘက်ရှိ စီပိန်းကျေးရွာအတွင်းသို့ လေယာဉ် ဖြင့် ဗုံးအလုံးရေ ၄၀ ကျော် လာရောက်ကြဲချ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများ၏ နေအိမ်အချို့ ပျက်စီးခြင်းနှင့် မီးလောင်ကျွမ်းခြင်းများ ရှိခဲ့ကြောင်း သိရသည်။
”အင်းတော်၊ မော်လူး၊ နဘားကို သိမ်းတယ်လို့ စစ်တပ်က ကြေညာပြီးနောက်ပိုင်းကတည်းက တိုက်ပွဲ ကဆက်ဖြစ်နေတာ။ နဘား၊ ကမ်းနီရွာကိုလည်း ဒရုံးဗုံးတွေနဲ့ စစ်တပ်က တိုက်ခိုက်ထားတယ်။ လယ်သမားသားအဖနှစ်ဦးသေတယ်” ဟု သတင်းရင်းမြစ်ကဧရာဝတီတိုင်းမ်ကို ပြောသည်။
လတ်တလောတွင် အင်းတော်၊ မော်လူးနှင့် နဘားတဝိုက်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်း ထားသည့် အခြေအနေရှိနေပြီး စစ်တပ် တပ်ဖွဲ့များ ရှိနေသရွေ့ အဆိုပါဒေသအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဦးမည်ဖြစ်ကြောင်း တော်လှန်ရေးရဲဘော်များက ဆိုသည်။
လက်ရှိတွင် အင်းတော်နှင့် မော်လူးတဝိုက် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် မြန်မာပြည် အလယ်ပိုင်းကို ဆက်သွယ်ထားသည့် အဓိကကျောရိုးဖြစ်သော မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းမှာ တိုက်ပွဲ အခြေအနေပေါ် မူတည်၍ လမ်းကြောင်းအဖွင့်အပိတ် ပုံမှန်ကဲ့သို့တည်ငြိမ်ခြင်း မရှိကြောင်း သိရသည်။
ယခုကဲ့သို့ လမ်းပိုင်းများ မကြာခဏ ပိတ်ဆို့နေမှုကြောင့် လမ်းခရီးတွင် ကြန့်ကြာနေသည့် သီးနှံနှင့် စားသောက် ကုန်အပါအဝင် သယ်ယူပို့ဆောင်ရေး ကုန်စည်အမြောက်အမြား ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
မြေပြင်စစ်ရေးအခြေအနေ ရှုပ်ထွေးနေဆဲဖြစ်သောကြောင့် ခရီးသွားပြည်သူများအနေဖြင့် လမ်းခရီးတွင် ရက်ရှည်ပိတ်မိနိုင်ခြေရှိသဖြင့် လုံလောက်သော ရိက္ခာခြောက်များနှင့် အရေးပေါ် လိုအပ်မည့် ဆေးဝါးများကို မဖြစ်မနေ ပြည့်စုံစွာ ဆောင်ယူသွားရန်၊ ခရီးမထွက်ခွာမီနှင့် လမ်းခရီးတစ်လျှောက်တွင် မြေပြင်စစ်ရေးသတင်းနှင့် လမ်းအခြေအနေများကို စုံစမ်းသွားလာကြရန် တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားသည်။
ဓာတ်ပုံ-Indaw Revolution (IR)