ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
မိုးလယ်ကာလရောက်ရှိချိန်၌ မိုးရွာသွန်းမှုများလာရာကနေ မြစ်ချောင်းများတွင် မြစ်ရေမြင့်တက် လာသဖြင့် လက်ရှိတွင်စိုးရိမ်ရေမှတ်ရောက်ရှိရန်နီးကပ်လာသည့် မြစ်ငါးမြစ်ရှိပြီး ယင်းအနီးနေထိုင်သူ များသတိထားရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)က ယနေ့ ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်သည်။
လက်ရှိတွင် စိုးရိမ်ရေမှတ်ရောက်ရှိရန်နီးကပ်လာသည့် မြစ်ငါးမြစ်မှာ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ ဘီးလင်းမြစ်၊ ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်တို့ဖြစ်ပြီး လာမည့် ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ် ရောက်ရှိသဖြင့် မြစ်ကမ်းအနီးနေထိုင်သူများ သတိထားရမည်ဖြစ်သည်။
ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင်း စိုးရိမ်ရေမှတ်အောက် ၃ ပေကျော်တွင်ရောက်ရှိနေပြီး လာ မည့် ၂ ရက်အတွင်းစိုးရိမ်ရေမှတ်ရောက်ရှိမည်ဖြစ်သည်။ ထို့အတူ၊ သံလွင်မြစ်ရေသည်လည်း ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်တွင်ရောက်ရှိနေပြီး လာမည့် ၁ ရက်အတွင်းစိုးရိမ်ရေမှတ် ရောက်ရှိမည်ဖြစ်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဘီလင်းမြစ်ရေသည် ဘီးလင်းမြို့တွင်စိုးရိမ်ရေမှတ်အောက် ၂ ပေကျော်တွင်ရောက်ရှိနေပြီး လာမည့် ၂ ရက်အတွင်းစိုးရိမ်ရေမှတ်ရောက်ရှိမည်ဖြစ်ကာ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ် ရေမှတ်အောက် ၃ ပေကျော်ရောက်ရှိနေပြီး လာမည့် ၂ ရက်အတွင်းစိုးရိမ်ရေမှတ်ရောက်ရှိမည်သည်။
ယင်းပြင်စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင်စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်တွင်ရောက်ရှိနေပြီး လာမည့် ၂ ရက်အတွင်းစိုးရိမ်ရေမှတ်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်း ဇူလိုင် ၁၄ မှ ၁၈ ရက်အတွင်း အခြေခံရေစံမျဉ်းအထက် ၂၀ ဒသမ ၀၁ ပေမှ ပေ ၂၀ ဒသမ ၇၀ အထိသာမန်ထက်ထူးကဲသောဒီရေမြင့်တက်နိုင်သဖြင့် သတိထားရန် ရွေးတုအစိုးရလက် အောက်ခံ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားသည်။
ရန်ကုန်မြစ်အတွင်း လက်ရှိမြင့်တက်နိုင်သော ဒီရေမြင့်တက်မှု အခြေအနေမှာ စိုးရိမ်ရသည့်အဆင့်တွင် မရှိဘဲ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ဒီရေအမြင့် ၂၂ ပေအထိတက်ရောက်ခဲ့ကြောင်း ဆိပ်ကမ်း အာဏာပိုင်က ဆိုထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်