ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၀ ရက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းသို့ ယမန်နေ့ ဇူလိုင် ၉ ရက် ညနေပိုင်းက ရှော့ခ်တိုက်ဒုံး လေး လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရပ်ကွက် (၁၀) တွင် နေထိုင်သည့် အသက် (၃၈) နှစ်အရွယ် အမျိုး သမီးတစ်ဦး ဗုံးစထိမှန်ကာ နေရာ၌ပင် သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

 

လားရှိုးမြို့အတွင်းသို့ ယမန်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်ခန့်က ရှော့ခ်တိုက်ဒုံး လေး လုံး ရုတ်တရက် ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရှော့ခ်တိုက်ဒုံးများကို မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကျရောက်လာသော ရှော့ခ်တိုက်ဒုံးတစ်လုံးမှာ လားရှိုးမြို့အခြေစိုက် ရွေးတုအစိုးရစစ်တပ်၏ အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်ထပ်တစ်လုံးမှာ အမှတ် (၆၂၆) တပ်ရင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP Info) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့ပြင် အခြားရှော့ခ်တိုက်ဒုံးတစ်လုံးမှာ လားရှိုးမြို့ ရပ်ကွက် (၆) ရှိ ရွှေလီကျောင်းတိုက်အနီးရှိ ဒေသခံ ပြည်သူတစ်ဦး၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ ကျန်တစ်လုံးမှာမူ ရပ်ကွက် (၁၀) အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

 

ယင်းရပ်ကွက် (၁၀) အတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် ရှော့ခ်တိုက်ဒုံးကြောင့် နေအိမ်၌ရှိနေသည့် အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ရပ်ကွက် (၆) ရှိ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 

အဆိုပါ ရှော့ခ်တိုက်ဒုံးများကို လားရှိုးမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ ဆင်တောင်ဘက်နှင့် လားရှိုး-မိုင်းယော် သွားလမ်းရှိ အမှတ် (၆၈) တပ်ဘက်တို့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုထားပြီး အဆိုပါပစ်ခတ်သည့်နေရာနှင့် ပတ်သက်၍မူ သီးခြားအတည်ပြုနိုင်ခြင်း မရှိကြောင်း SSPP က ဆိုသည်။

 

ဓာတ်ပုံ-SSPP