‎‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၀ ရက်
‎‎​

ရခိုင်ပြည်နယ်အတွင်း နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုများကြောင့် မြို့နယ်အများအပြားတွင် လူနေအိမ်များ ပျက်စီးခြင်း၊ ရပ်ကွက်နှင့် ကျေးရွာပေါင်းများစွာ ရေနစ်မြုပ်ခြင်းများ ကြုံတွေ့နေရပြီး ရေဘေးအခြေအနေမှာ “တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်လာသည့်အခြေအနေ” သို့ ဆိုက်ရောက်နေကြောင်း သိရသည်။
‎‎​

ကမ္ဘာလုံးဆိုင်ရာ ရေကြီးမှုသတိပေးစနစ် Global Fact Awareness System ​GloFAS ၏ ထုတ်ပြန်ချက်အရ ကုလားတန်မြစ် အထက်ပိုင်းဇုန်တွင် ရေကြီးမှုအခြေအနေမှာ အလွန်ပြင်းထန် ခရမ်းရောင်အဆင့်သို့ ရောက်ရှိနေသည်။

အနှစ် ၂၀ အတွင်း အမြင့်ဆုံးစံချိန်ကို ကျော်လွန်နိုင်ကြောင်းနှင့် ဇူလိုင် ၁၀ ရက်ခန့်တွင် ရေစီးဆင်းမှု အမြင့်ဆုံး (Peak) သို့ ရုတ်တရက် ရောက်ရှိလာနိုင်ကြောင်း ဖော်ပြထားသည်။
‎​

ထို့အပြင် အလယ်ပိုင်းနှင့် မြစ်ဝအောက်ပိုင်း စစ်တွေအနီးတွင်လည်း ပြင်းထန် အနီရောင်အဆင့် ရှိနေပြီး ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်အတွင်း ရေစီးဆင်းမှု အမြင့်ဆုံးသို့ ရောက်ရှိမည်ဖြစ်သည်။

အဆိုပါ ရေကြီးမှုကာလမှာ ၁၅ ရက်မှ ၁၆ ရက်အထိ ရှည်ကြာစွာ ရေပိတ်မိနိုင်ပြီး စိုက်ပျိုးရေးမြေ ၃,၆၉၆ ဟက်တာနှင့် ဒေသခံလူဦးရေ ၅,၂၀၀ ခန့်အထိ တိုက်ရိုက်ထိခိုက်နိုင်ခြေ ရှိနေသည်။

AA၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (HDCO) ၏ ဇူလိုင် ၉ ရက် ထုတ်ပြန်ချက်အရ ဇူလိုင် ၅ ရက်တွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ မြို့နယ်များ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂၄၀) ခန့်အပါအဝင် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။

‎​
ဇူလိုင် ၈ ရက်အထိ ရရှိထားသောအချက်အလက်များအရ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားမြို့နယ်များတွင် ကျေးရွာ/ရပ်ကွက် ပေါင်း (၇၀) ကျော် ရေကြီးမှုဖြစ်ပွားနေပြီး လက်ရှိတွင် လူ သုံးဦး သေဆုံးကာ လမ်း၊ တံတားအချို့ ပျက်စီးခြင်းနှင့် မြေပြို၊ကမ်းပြိုခြင်းများ ဖြစ်ပွားနေသည်။ မိုးဆက်လက်ရွာသွန်းနေသဖြင့် အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်ကြောင်း သတိပေးထားသည်။


မြောက်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၂၆ ရွာနှင့် ရပ်ကွက် ၁၁ ခုထက်မနည်း ရေနစ်မြုပ်နေပြီး လူဦးရေ ၂၀၀ ကျော်ရှိသည့် ဂါရာတောင်စစ်ဘေးရှောင်စခန်းတွင်လည်း ရေမြင့်တက်မှုမှာ ခြောက်အထိရောက်ရှိလာ၍ အရေးပေါ်ပြောင်းရွှေ့ပြေးကြရပြီး အကူအညီများလိုအပ်နေသည်။

 

‎​
မင်းပြားမြို့နယ်တွင် ဇူလိုင် ၁ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းကာ လေးမြို့မြစ်ရေ မြင့်တက်လာမှုကြောင့် လေးမြို့ချောင်းတစ်လျှောက်နှင့် ပန်းမြောင်းကြီးချောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၂ ရွာထက်မနည်း လက်ရှိတွင် ရေနစ်မြုပ်နေသည်။

HDCO အနေဖြင့် တော်လှန်ရေးအစိုးရဌာနများ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေဘေးတုံ့ပြန်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး၊ မိဘပြည်သူများအနေဖြင့် ရေကြီးခြင်း၊ ကမ်းပြိုခြင်းများနှင့်အတူ ပါလာမည့် မြွေ၊ ကင်းမြီးကောက်စသည့် အဆိပ်ရှိသတ္တဝါများ၏ အန္တရာယ်ကို အထူးဂရုပြုကြရန် နှိုးဆော်ထားသည်။

ထို့အပြင် သောက်သုံးရေ၊ ဆေးဝါး၊ တစ်ကိုယ်ရေသုံးအသုံးအဆောင်နှင့်အရေးကြီးစာရွက်စာတမ်းများကို အဆင်သင့်ပြင်ဆင်ထားကြရန်လည်း အသိပေးထားသည်။

ရွေးတုအစိုးရ၏ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီး၊ မြေပြိုခြင်းနှင့် ရေနစ်မြုပ်ခြင်းများသတိပြုရန်သာပြောဆိုထားသည်။

ဓာတ်ပုံ- APM
‎ပုံစာ- ရခိုင်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော ရေကြီးနစ်မြုပ်နေမှုများ