ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေသောကြောင့် ယနေ့ ဇူလိုင် ၁၀ မှ ၁၈ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ်တို့တွင် ဆက်လက်မိုးကြီးမည်ဖြစ်ကြောင်း မိုးလေ ဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်သည်။

 

လက်ရှိရေကြီးရေလျှံမှုဖြစ်ပွားနေသော ရခိုင်ပြည်နယ်အတွင်း နေရာကွက်၍ မိုးကြီးမည်ဖြစ်ကာ မိုးရေချိန်လက်မ ၄ နှင့် ၅ လက်မကျော် ရွာသွန်းနိုင်ခြေရှိကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါမုတ်သုံလေ အားကောင်းလာမှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တ ရက်ရေကြီးခြင်း၊ မြေမြိုခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် မြစ်ငယ်ချောင်းငယ်များ အနီးနေထိုင်သူများ ရေကြီးရေလျှံမှုသတိထားရန်လိုအပ်ကြောင်း အသိပေးထားသည်။

လာမည့်တစ်ပတ်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်းတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချိ့ဒေသ များတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလ ထံမှ သည်။

 

ယင်းပြင်ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း) တို့တွင်လည်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချိုန်းရွာပြီး အချို့ဒေ သများတွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်၍ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်သည်။

 

ထို့ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ သင်္ဘောများကြိုတင်သတိပြုရန် လိုအပ် ကြောင်း မိုး/ဇလ က ဆိုထားသည်။

 

ဓာတ်ပုံ – မိုး/ဇလ