ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
ရှေ့တန်းစစ်မျက်နှာမှ ဒဏ်ရာရကာ ပြန်လည်ရောက်ရှိလာသည့် ခြေပြတ်လက်ပြတ် ပြည်သူ့စစ်မှုထမ်းများအား ပဲခူးတိုင်း၊ အင်းတကော်မြိုနယ်တွင် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် အောက်ရှိ တပ်ရင်းများတွင်း တပ်ရင်းမှူးအပါအဝင် တပ်ကြပ်၊ အခြားအဆင့်ရှိသူများက ၎င်းတို့၏ အိမ်မှုကိစ္စများကို အဓမ္မဖိနှိပ်ခိုင်းစေမှုများ ပြုလုပ်နေကြောင်း တပ်တွင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ရှေ့တန်းတိုက်ပွဲများ၌ မိုင်းဒဏ်ရာနှင့် လက်နက်ကြီးဒဏ်ရာများကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဆုံးရှုံးခဲ့ရသည့် အဆိုပါ ပြည်သူ့စစ်မှုထမ်းများကို ဆေးဝါးကုသမှုနှင့် သင့်တော်သည့် နေရာချထားမှုများ စနစ်တကျ ပြုလုပ်ပေးခြင်းမရှိဘဲ တပ်တွင်းရှိ အရာရှိကြီးများ၏ နေအိမ်များတွင် အောက်ခြေသိမ်း အလုပ်လုပ်ကိုင်ခိုင်းနေခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူများထံက သိရသည်။

“ဒဏ်ရာရ ပစတွေ အိမ်အလုပ် လုံးဝမလုပ်နိုင်ရင်တောင် အနိမ့်ဆုံး ပေါင်းနှုတ်မြက်ရှင်းရတယ်။ ရှေ့တန်းမှာ ဒဏ်ရာရလာတဲ့သူတွေကို အနားမပေးဘဲ တပ်ထဲမှာ နိုင်ထက်စီးနင်းနဲ့ အိမ်စေလိုမျိုး ခိုင်းနေတာ၊ အရာရှိတွေရော သူတို့စစ်သားတွေရော ပြည်သူ့စစ်မှုထမ်းဆို အရေးမပေးဘူး၊ နှိပ်စက်တာတွေရှိသလို မျက်လုံးထောက်ကြည့်နေတာ” ဟု တပ်တွင်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
၎င်းတို့ ပြည်သူ့ စစ်မှုထမ်းများကို အရာရှိကြီးများ၏ အိမ်မွေးတိရိစ္ဆာန်များအား ပြုစုစောင့်ရှောက်စေခြင်း၊ နေအိမ်ခြံဝင်းအတွင်း ပေါင်းရှင်းမျက်နှုတ်ခြင်း အပါအဝင် ကိုယ်ရေးကိုယ်တာ ဝေယျာဝစ္စများကိုပါ အဓမ္မခိုင်းစေနေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

အဆိုပါ ဒဏ်ရာရ၊ ခြေပြတ်၊ လက်ပြတ် ပြည်သူ့စစ်မှုထမ်းအများစုမှာ ဧရာဝတီတိုင်းမှဖြစ်ပြီး ပဲခူး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရပြီးနောက် ရှေ့တန်းစစ်မျက်နှာပြင်မှ ယခုကဲ့သို့ ဒဏ်ရာများဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်အောက်ရှိ ခမရ ခြေမြန်တပ်ရင်း အမှတ် ခမရ ၁၀၁၊ ခမရ ၁၀၅၊ ခမရ ၁၀၇ တို့တွင် လက်ရှိအချိန်ထိ ဒဏ်ရာရနှင် ခြေပြတ်၊ လက်ပြတ် ပြည်သူ့စစ်မှုထမ်းအများစု ရှိနေကြောင်း သိရသည်။
ထို့ပြင် စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံရစဉ်ကပင် လုပ်ခလစာနှင့် ထောက်ပံ့ကြေးများ အပြည့်အဝရရှိမည်ဟု မက်လုံးပေးပြောဆိုခဲ့သော်လည်း လက်ရှိတွင် ကိုယ်အင်္ဂါစွန့်လွှတ်လိုက်ရသည့်အပြင် စစ်သားဟောင်းများကဲ့သို့ ရိက္ခာနှင့် အခြားခံစားခွင့်များ လုံးဝမရရှိကြောင်း စစ်မှုထမ်း မိသားစုဝင်များထံမှ သိရသည်။
ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်းများ၊ ဒဏ်ရာရ စစ်သား