ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂစင်မြင့်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြပြောဆိုမှုများကို မဟုတ်မမှန် စွပ်စွဲကန့်ကွက်၍ ၎င်းတို့ကိုယ်စားလှယ် ပြန်လည်ခန့်အပ်ပေးရန် အာဏာသိမ်း ရွေးတုအစိုးရက တောင်းဆိုလိုက်ကြောင်း သိရသည်။

အာဏာသိမ်း စစ်အုပ်စုအဖြစ်မှ အသွင်ပြောင်းထားသည့်တိုင် အာဆီယံနှင့် ကုလသမဂ္ဂမှ လျစ်လျူရှုထားပြီး တစ်ဖက်စောင်းနင်းပြုမှုများ ဆက်လုပ်နေကြောင်း ထုတ်ဖော်ငြီးငြူထားသော ရွေးတုအစိုးရက ယမန်နေ့ထုတ် ဝါဒဖြန့်သတင်းစာ၌ အိတ်ဖွင့်ပေးစာဟု ဖော်ပြကာ တောင်းဆိုလာခြင်းဖြစ်သည်။

“ကုလသမဂ္ဂနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရသစ် (ရွေးတုအစိုးရ) က ခန့်အပ်လိုတဲ့ ကုလဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးကို အမြန်ဆုံးပြန်လည် ခန့်အပ်ပေးနိုင်ဖို့ တောင်းဆိုအပ်ပါတယ်” ဟု ရွေးတုအစိုးရက ထုတ်ပြန်ထားသည်။

ထိုအထဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား လက်ရှိထိတိုင် ကုလစင်မြင့်၌ နေရာပေးထားရှိမှုနှင့် ပတ်သက်၍ ဝေဖန်ပြစ်တင်ထားသလို ၎င်းနှင့်အတူ ၂၀၂၀ ရွေးကောက်ပွဲ၊ NLD ပါတီ၊ NUG တို့ကို မဟုတ်မမှန် စွပ်စွဲထားကြောင်း တွေ့ရှိရသည်။

ယင်းအပြင် ကုလပဋိညာဉ်နှင့်အညီ ၎င်းတို့ကို လေးစားတန်ဖိုးထား၍ အဖွဲ့ဝင်နိုင်ငံများနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိအောင် အသိအမှတ်ပြု လုပ်ဆောင်ပေးပါလျှင် ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း အာဏာသိမ်း ရွေးတုအစိုးရက ထည့်သွင်းပြောဆိုသည်။

အလားတူ ပြီးခဲ့သော ဇွန် ၁၉ ရက်၌ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှ မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလအဖွဲ့ဝင်နိုင်ငံများထံ အလွတ်သဘော ရှင်းလင်းတင်ပြမှုကိုလည်း ရွေးတုအစိုးရက တုံ့ပြန်ငြင်းဆို စွပ်စွဲပြစ်တင်ထားကြောင်း သိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရှင်းလင်းတင်ပြမှုတွင် မြန်မာနိုင်ငံအား ဆိုက်ဘာရာဇဝတ်မှုများ၏ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်၊ ငတ်မွတ်ခေါင်းပါးမှုဒဏ် အဆိုးရွားဆုံး ခံစားနေရ ဆဋ္ဌမမြောက်နေရာ၊ အကြမ်းဖက်မှုများ စသည်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါအခြေအနေများကို ရွေးတုအစိုးရက ငြင်းဆိုပြစ်တင်၍ ကုလသမဂ္ဂ၊ အာဆီယံနှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများ၏ အရေးယူဒဏ်ခတ် ပိတ်ဆို့ဖယ်ကြဉ်ထားမှုများမှ လွတ်မြောက်အောင် ယခုကဲ့သို တုန်ပြန်ဝါဒဖြန့်နေသလို ထောက်ခံနိုင်ငံတချို့နှင့် ပူးပေါင်းကြိုးပမ်းနေကြောင်း သိရသည်။

လက်ရှိတွင် ပြည်သူလူထု၏ အသက်‌၊ အနာဂတ်တို့ကို ကယ်တင်ရန် R2P လုပ်ဆောင်ရမည့် အချိန်အခါဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အား ပံ့ပိုးကူညီပေးရန် ကုလစင်မြင့်၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

ဓာတ်ပုံ -MOI