နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
အာဏာသိမ်း ရွေးတုအစိုးရသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်ထုများကို လိုက်လံဖြိုချ ဖျက်ဆီးနေပြီး တစ်ဖက်တွင်မူ (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် အယောင်ပြ ပြင်ဆင်နေလျက်ရှိကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
ရွေးတုအစိုးရသည် အာဇာနည်နေ့ အခမ်းအနားအတွက် ပြင်ဆင်မှုများ လုပ်ဆောင်လာသော်လည်း ဗိုလ်ချုပ်ကြေးရုပ်ထုများ ဖြိုချဖျက်ဆီးမှုများနှင့် ပတ်သက်၍မူ ယနေ့အထိ သတင်းထုတ်ပြန်လာခြင်း မရှိပေ။အထူး သဖြင့် ယခင် NLD အရပ်သား အစိုးရတာဝန်ယူစဉ်က စိုက်ထူထားသည့် ရုပ်ထုများအား မနာလို မုန်းတီးစိတ်ကြောင့် အငြိုးအတေးဖြင့် ကလဲ့စားချေ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တပ်မတော် CDM အသိုင်းအဝိုင်းက ဆိုသည်။
“သူတို့က ဗိုလ်ချုပ်ကို ပြယုတ်လုပ်ပြီး အဓိကလုပ်စားနေတာ၊ စည်းရုံးနေတာမျိုး။ တပ်တွင်းမှာ ဝါဒဖြန့်ထားတာကတော့ NLD အစိုးရလက်ထက်က ဗိုလ်ချုပ်ရုပ်ထုတွေက မသပ်မရပ်မို့လို့ ဖျက်တာဆိုပြီး လျှောက်ပြောတာမျိုးတွေရှိတယ်” ဟု လုပ်သက်ရင့် CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။။
စစ်အာဏာရှင် အဆက်ဆက်သည် ၎င်းတို့အကျိုးစီးပွားအတွက် ပြည်သူများကို စည်းရုံးသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း၏ ပြောစကားများနှင့် ရုပ်ပုံများကို အသုံးချလေ့ရှိသော်လည်း မုန်းတီးမှုများ အမြဲရှိနေကာ ယခုလုပ်ရပ်မှာ ထိုအမုန်းတရားကြောင့်ဖြစ်ပြီး အာဇာနည်နေ့ ကျင်းပပေးခြင်းမှာ ဟန်ပြ သက်သက်သာဖြစ်ကြောင်း CFM တပ်မတော်သားများက သုံးသပ်သည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လပိုင်းက ပြုလုပ်ခဲ့သောအစည်းအဝေး၌လည်း စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က ၎င်း၏လက်အောက်ခံ ဝန်ကြီးချုပ်များကို ယခင် NLD အစိုးရကာလ စိုက်ထူထားသည့် ဗိုလ်ချုပ်ကြေးရုပ်ထုများအားလုံး ဖြိုချဖယ်ရှားရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးချိန်မှစ၍ ယခုအချိန်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ မကွေး စသည့် တိုင်းနှင့် ပြည်နယ်များ၌ ဗိုလ်ချုပ်ကြေးရုပ်ထုများ ဖြိုချဖျက်ဆီး ခံရမှု အနည်းဆုံး ၁၅ ခုထက်မနည်း ရှိလာပြီဖြစ်ကြောင်း မြေပြင်သတင်းများအရ သိရသည်။
အဆိုပါ NLD အစိုးရကာလ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုများကို သီးခြား ပစ်မှတ်ထား လိုက်လံဖြိုချဖျက်ဆီးနေခြင်းသည် NLD ပါတီနှင့် ယင်းပါတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထားရှိသည့် အငြိုးအတေးနှင့် မုန်းတီးစိတ်များ ကြောင့်ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။
စစ်အုပ်စု၏ အဆိုပါလုပ်ရပ်များမှာ သိက္ခာမဲ့ အောက်တန်းကျပြီး နိုင်ငံ၏ အမျိုးသားရေး အထိမ်းအမှတ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းဖြစ်၍ ပါဝင်ကျူးလွန်သူများအား နောင်တစ်ချိန် တွင် ဥပဒေအရ ထောင်ဒဏ် (၇) နှစ် အထိ အရေးယူချမှတ်နိုင်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီကလည်း ထုတ်ပြန်သတိပေးထားသည်။
လက်ရှိအာဏာသိမ်း ရွေးတုအစိုးရအပါအဝင် ခေတ်အဆက်ဆက် အာဏာရှင်တို့သည် ၎င်းတို့အာဏာ တည်မြဲရန် မည်သည့်အရာမဆို လုပ်လေ့ရှိသဖြင့် အာဇာနည်နေ့ကိုလည်း အယောင်ပြလုပ်ဆောင်ခြင်း သာဖြစ်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ လွှတ်တော်အမတ်တစ်ဦးက ဆိုသည်။
“သူတို့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မုန်းသလို သမီးဖြစ်သူကိုလည်း အရမ်းမုန်းတဲ့အတွက် အဲဒီမုန်းခြင်း နှစ်မျိုးနဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုတွေကို လိုက်ဖျက်ဆီးတာ။ ဗိုလ်ချုပ်သမိုင်းကို ဖျက်ချင် တယ်၊ လူထုခေါင်းဆောင်ကို ပြည်သူနဲ့ ကင်းကွာစေချင်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ဆက်လက် ပြောသည်။
အလားတူ NLD ပါတီကလည်း ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပြီး ယခု ဖြိုချ ဖျက်ဆီးမှုများသည် အများပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းဖြစ်ရုံသာမက မြန်မာနိုင်ငံ၏ အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်း၏ သင်္ကေတနှင့် အထောက်အထားများကို တမင် ဖျက်ဆီး နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်