‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၉ရက်

ဧရာဝတီတိုင်းတွင် အင်အားပြုန်းတီးကာ စစ်ရှုံးနေပြီး အင်အားလိုအပ်ချက်‌ရှိနေသည့် ရွေးတုအစိုးရ စစ်တပ်က ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ နယ်မြေအတွင်းရှိ ပြည်သူ့စစ်ဆိုသူများကို လက်နက်များ တပ်ဆင်ပေးလာကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၈ရက်၊ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) ဧရာဝတီ ခန်းမ၌ ရွှေသောင်ယံမြို့ နယ်မြေအတွင်းရှိ ကျေးရွာများမှ အသစ်ဖွဲ့စည်းထားသော ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်ဆိုသူများအား လက်နက်တပ်ဆင်အပ်နှင်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

‎အဆိုပါအခမ်းအနားသို့ ရွေးတုအစိုးရစစ်တပ်၏ နတခတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကာ စစ်ဝတ်ပစ္စည်းများနှင့် လက်နက်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

‎”အခုလို လက်နက်တွေထုတ်ပေးတော့ ဒါက နယ်မြေအစောင့်အရှောက်ပဲလား၊ ဒါမှမဟုတ် ရှေ့တန်းကို ဇွတ်လွှတ်မလားဆိုပြီး စိုးရိမ်နေကြသူတွေရှိသလို၊ တစ်ဖက်မှာလည်း ဆေးကြွပြီး ရှေ့တန်းကို တကဲကဲတတ်ချင်နေတဲ့သူတွေလည်း ရှိတယ်။ လူ့အသက်ကို ဘာမှတန်ဖိုးမထားတဲ့ စစ်တပ်ကတော့ အာဏာတည်မြဲရေးအတွက် အင်အားကို ရတဲ့နည်းနဲ့ စုဆောင်းနေတာပါပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသတွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ဧရာဝတီတိုင်းအတွင်း ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) အပါအဝင် ဒေသခံကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်စခန်းကုန်းများကို တော်လှန် ရေးပူးပေါင်းအဖွဲ့များက သိမ်းယူနေသည်။

‎လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် ဧရာဝတီတိုင်းအတွင်းရှိ နယ်မြေ သုံးခုခန့်တွင် စစ်မျက်နှာ ဖွင့်ထားရပြီး နယ်မြေအနှံ့အပြား၌ စစ်ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် ရေကြည် မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့ရှိ စစ်စခန်းများကို ဆက်တိုက်လက်လွှတ်ဆုံးရှုံးနေရကြောင်း မြေပြင်သတင်းများအရ သိရသည်။

‎စခန်းများပြန်လည်ရရှိရေးနှင့် နယ်မြေစိုးမိုးရေးအတွက် ရွေးတုအစိုးရစစ်တပ်သည် အဓမ္မစုဆောင်း ထားသည့် စစ်မှုထမ်းတပ်သားသစ်များကို အင်အားအလုံးအရင်းဖြင့် ရှေ့တန်းသို့ ပို့လွှတ်နေသော်လည်း အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လူအင်အား အမြောက်အမြား ပြုန်းတီးနေရသည့်အပြင်၊ လက်နက်ခဲယမ်း အမြောက်အမြားကိုပါ ထပ်မံဆုံးရှုံးနေ ရကြောင်း သိရသည်။

ဧရာ၀တီတိုင်းအတွင်းရှိ ‎စစ်တပ်သည် ယခုကဲ့သို့ ရှေ့တန်းတွင် အင်အားပြုန်းတီးမှုနှင့် ရင်ဆိုင်နေရခြင်း ကြောင့် မြို့နယ်အတွင်းရှိ ပျူစောထီးများနှင့် ပြည်သူ့စစ်များကိုပါ လက်နက်တပ်ဆင်ပေးကာ အင်အားဖြည့်တင်းရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

‎ဓာတ်ပုံ- MOI