ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ ကြက်သွန်ကွင်းနှင့် သဲဖြူကျေးရွာဘက်တွင် ရွေးတုအစိုးရ စစ်တပ်က အရပ်ဘက်သုံးမော်တော်ယာဉ်များ၊ စစ်သုံးကားကြီးများကို အသုံးပြုကာ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဆက်တိုက်ဖြည့်တင်းလျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ယမန်နေ့ ဇွန် ၈ရက် နံနက်ပိုင်းက ကြက်သွန်ကွင်းကျေးရွာဘက်မှတစ်ဆင့် အရပ်ဘက်သုံး ဆယ်ဘီးမော်တော်ယာဉ်တစ်စီးဖြင့် အင်အား ၂၀ ဦးခန့်အပြင် လက်နက်ကြီးကျည်များ ကိုပါအပြည့် တင်ဆောင်ကာ သဲဖြူကျေးရွာအနောက်ဘက်ရှိ ကင်ပွန်းချဉ်ကုန်းစခန်းသို့ အင်အားဖြည့် တင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
”ခဲယမ်းတွေ ဆယ်ဘီးကားနဲ့ကိုသယ်နေတာ တွေရတယ်။ အများစုက လက်နက်ကြီး ကျည်တွေ လို့သိရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော် (AA) က ရွေးတုအစိုးရစစ်တပ် စခန်းကုန်းများနှင့် ကာကင်း များကို သိမ်းပိုက်ထားသည့်အပြင် စခန်းစွန့်ခွာ ထွက်ပြေးသည့် တပ်ဖွဲ့ဝင်များကိုပါ လိုက်လံ တိုက်ခိုက်နေသည့် အတွက် လက်နက်၊ ခဲယမ်းနှင့် လူအင်အားပါပြုန်းတီးနေ၍ ပြန်လည် ဖြည့်တင်း နေခြင်းဖြစ်သည်။
ထို့အပြင် ဧရာဝတီကမ်းခြေသို့ ရိုးမဖြတ်ကျော်လမ်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ကြက်သွန် ကွင်း – သဲဖြူ – မကျီးဇင် လမ်းပေါ်ရှိ သဲဖြူရွာအလွန် ၃ မိုင်ခန့်အကွာတွင်ရှိသော ကင်ပွန်းချဉ်ကုန်း ရှေ့တန်းစခန်းကိုလည်း ယခုရက်ပိုင်းအတွင်း အင်အားများ ဆက်တိုက်ပို့ဆောင်ထားကြောင်း သိရသည်။
ကြက်သွန်ကွင်း၊ သဲဖြူ၊ ကင်ပွန်းချဉ်ကုန်းဘက်ကို အရပ်ဘက်သုံး ဒိုင်နာမော်တော်ယာဉ်များဖြင့် ရိက္ခာများ သယ်ဆောင်ခြင်း၊ စစ်သုံး ဒဗယ်ကပ်ဖြင့် အင်အား ၁၂ ဦးခန့်က နောက်ထပ် ထပ်ကြပ်မကွာ လိုက်ပါသွားခြင်းများလည်း ရှိနေသည်။
သဲဖြူ – မကျီးဇင် လမ်းပိုင်းတွင် ရွေးတုအစိုးရစစ်တပ်၏ ရိက္ခာတင်မော်တော်ယာဉ်များ တက်ဆင်းသွား လာလျက်ရှိပြီး ဇူလိုင် ၅ ရက်နေ့ ညနေပိုင်းကလည်း အဆိုပါလမ်းပိုင်းတွင် စစ်တပ်မှ တပ်ဖွဲ့ဝင် လူနာ ခြောက်ဦးခန့် ကို ရိက္ခာပို့ပြီးဆင်းလာသည့် ကားများဖြင့် သယ်ဆောင်မှု ရှိခဲ့သည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ-ဧရာတိုင်းအတွင်း AA က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအချို့ကို တွေ့ရစဉ်။