နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို အာဏာသိမ်း ရွေးတုအစိုးရတပ်က စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီး၍ CDM များကို ဖမ်းဆီးမှုများ ပြုလုပ်နေပြီး တစ်ဖက်တွင် ထိုကိစ္စအား ဖုံးကွယ်နိုင်ရန် မဟုတ်မမှန် ဝါဒဖြန့်လာကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်မှစတင်၍ ချောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော ရွေးတုအစိုးရတပ်သည် တိုက်ခိုက်ခံရမှုများကြောင့် ၎င်းတို့တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံး၊ ထွက်ပြေးမှု များပြားလာသဖြင့် ကျေးရွာများသို့ ဝင်ရောက်မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။
အထူးသဖြင့် ရွေးတုအစိုးရတပ်သည် ၎င်းတို့အချုပ်ကား လမ်းတွင် ဖြတ်တိုက်ခံရ၍ နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်သွားပြီးနောက် ချောက်ဘက်သို့ ပိုမိုထိုးစစ်ဆင်လာကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ဥက္ကဋ္ဌ ရဲဘော်နေမွန်၏ ပြောပြချက်အရ သိရသည်။

“ရွာတွေဘက်ကို စစ်အုပ်စုက စစ်ကြောင်းဝင်ပြီး ရှင်းလင်းရေးလုပ်၊ မီးရှို့ဖျက်ဆီးတာရှိတယ်။ ပြီးတော့ ရွာမှာရှိတဲ့ CDM တွေကို လိုက်လံဖမ်းဆီးတယ်။ ညောင်ဦးနဲ့ ချောက် နယ်ကြားပေါ်မှာ စစ်ဆင်ရေးတွေ ပြုလုပ်လာတာရှိတယ်။ စစ်ရှောင်ဦးရေလည်း များလာတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ဆိုသည်။
ချောက်မြို့နယ်ရှိ ကျေးရွာများအနက် ဆူးတော၊ ညောင်ဇင်၊ လေးပင်ကုန်းနှင့် ညောင်ချောင်းရွာတို့ကို ရွေးတုအစိုးရတပ်က မီးရှို့ဖျက်ဆီး၍ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ထိုရွာသားများအပြင် ချောင်းဦး၊ မကျီးကန်၊ ဝင်္ကဘာရွာ၊ ဇောင်းတောကန် စသည့်ရွာများမှ ဒေသခံများ စစ်ရှောင်နေရကြောင်း သိရသည်။
အာဏာသိမ်း ရွေးတုအစိုးရကမူ ၎င်းတို့အနေဖြင့် ဇွန် ၂၁ ရက်မှစတင်၍ အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးများ လုပ်ဆောင်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ ထိခိုက်သေဆုံးမှု များစွာဖြင့် ဆုတ်ခွာသွားပြီး ခဲယမ်းနှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ကျေးရွာများမှ ဆရာ၊ ဆရာမများကိုလည်း Non-CDM လုပ်ရန် လက်နက်အားကိုးဖြင့် အကျပ်ကိုင်ခြိမ်းခြောက်၊ စာသင်ကျောင်းများတွင် ယာယီစစ်စခန်းအဖြစ် အသုံးပြု၍ အခြေချဝင်ရောက် နေထိုင်ခြင်းများကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားခဲ့ရကြောင်း ဝါဒဖြန့်သတင်းစာ၌ စွပ်စွဲပြောဆိုထားသည်။
ထိုအရာသည် ၎င်းတို့ကျူးလွန်နေမှုများကို ဖုံးကွယ်ရန် မဟုတ်မမှန် ဝါဒဖြန့်ခြင်းဖြစ်ပြီး မြေပြင်တွင် တော်လှန်ရေး အင်အားစုများ စာသင်ကျောင်း၌ တပ်စခန်းဖွင့် နေထိုင်ခြင်း၊ ကျေးရွာများအတွင်း စစ်အခြေစိုက် လှုပ်ရှားခြင်းနှင့် ပြည်သူအပေါ် ခြိမ်းခြောက်ခြင်း မရှိကြောင်း ဒေသခံများထံက သိရသည်။
ဒေသတွင်းရှိ ခုခံတော်လှန်နေသည့် PRA-Magway ဥက္ကဋ္ဌ ရဲဘော်နေမွန်က “ဒါဟာ စစ်အုပ်စုဘက်က တမင်စွပ်စွဲမှု ဖြစ်ပါတယ်။ ရွာရဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ဒလန်တွေကိုတော့ ဖမ်းဆီးအရေးယူတာမျိုးတော့ ရှိနိုင်ပါတယ်။ ကျေးရွာ၊ စာသင်ကျောင်းတွေမှာ တပ်စွဲတာမျိုး မရှိဘူး” ဟု စွပ်စွဲများကို တုံ့ပြန်ပြောသည်။
ရွေးတုအစိုးရတပ်သည် ၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိသော မကွေးတိုင်းအတွင်းသို့ စစ်ရေးထိုးစစ် တိုးမြှင့်လုပ်ဆောင်နေရာ ပြီးခဲ့သည့် ဇွန်အတွင်း တိုက်ပွဲများနှင့် ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် ချောက်မြို့၌ပင် လက်အောက်ခံ တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး ထွက်ပြေးမှုများရှိကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်