ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
ရွေးတုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ ရဲတပ်ဖွဲ့ဌာနချုပ် ၊ ရဲဦးစီးဌာနရှိ ဓာတုဗေဒစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကြည်မင်းဦးက ဌာနတွင်းမှ Non CDM ဝန်ထမ်းအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများ ပြုလုပ်သည့်အတွက် တိုင်ကြားခံရကြောင်း သတင်းရရှိသည်။
ရဲဓာတုဗေဒ စစ်ဆေးရေးဌာန၏ လက်ရှိညွှန်ကြားရေးမှူး ဒေါက်တာကြည်မင်းဦးသည် ဌာနအတွင်း ၎င်းလက်အောက်မှ ဦးစီးအရာရှိဖြစ်သူအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများမှအစပြုပြီး အိမ်ထောင်ပြိုကွဲသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အခြားဝန်ထမ်းအမျိုးသမီးငယ်များကိုလည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန်ကိုကြိုးစားမှုရှိကြောင်း ဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဌာနတွင်းNon CDM ဝန်ထမ်းများ သိရှိပြီး ၄င်းတို့၏ လူမှုရေးပြဿနာများအပြင် ဒေါက်တာကြည်မင်းဦး၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန်ကြိုးစားမှုများကြောင့် အလုပ်ထွက်သွားသူများ ရှိကြောင်းသိရသည်။
“သူကဌာနကို စရောက်လာကတည်းက မိန်းမပြဿနာဖြစ်တာ၊ အရင်အစိုးရလက်ထက်က ဗိုလ်ချုပ်တွေနဲ့ရင်းနှီးတော့ တိုင်လည်းမထူးဘူး။ အခုကတော့ ဟိုတယ်သွားတဲ့စလစ်ကအစ သက်သေပါပြီး ဖြစ်ကြောင်းကုန်စင် အကုန်တိုင်တာလို့သိရတယ်။ ရုံးခန်းမရှောင် ဘာမရှောင်တွေပါဗျာ။ ဌာနတစ်ခုလုံးသိကြပါတယ်။ အခုကတော့ စုံခုံဖွဲ့စစ်နေပြီ” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေါက်တာကြည်မင်းဦးသည် တောင်ငူစစ်ဆေးတပ်မှ ယခုဌာနသို့ စတင်ရောက်ရှိချိန်ကလည်း စာရေးအမျိုး သမီးတစ်ဦးနှင့် လူမှုရေးဖောက်ပြန်ခဲ့သည့်အတွက် အထက်အရာရှိပိုင်းများမှ နှုတ်ဖြင့်သတိပေးစကား ပြောဆိုခဲ့ပြီး စာရေးအမျိုးသမီးကို အခြားနေရာသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထို့အပြင် အဆိုးဝါးဆုံးဖြစ်စဉ်မှာ အမျိုးသမီး ဒုရဲအုပ်အရာရှိလောင်း ဝင်ခွင့်သင်တန်းတက်ရောက်ရန် ကျန်းမာရေးစစ်ဆေးရာတွင်အမျိုးသမီးသူနာပြုဆရာမများ စစ်ဆေးရမည်ကို ၎င်းမှ ရာထူးနှင့်ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များကိုဖောက်ဖျက်ကာ လက်အိတ်ဝတ်ဆင်ခြင်းမရှိဘဲ အမျိုးသမီးဒုရဲအုပ် အရာရှိလောင်းများ၏ မိန်းမကိုယ်အား မဖွယ်မရာကိုင်တွယ်ဆောင်ရွက်မှူပြုလုပ်သည့်အတွက် တိုင်ကြားခံခဲ့ရသည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်ရပ်ကို လိင်ပိုင်းဆိုင်ရာစော်ကားခံရ၍ စုပေါင်းတိုင်ကြားမှုရှိခဲ့သော်လည်း ဗိုလ်ချုပ်အချို့နှင့် ပြည်ထဲရေးထိပ်ပိုင်းအရာရှိများက ဖုံးဖိပေးခဲ့သည့်အတွက် အရေးယူမခံခဲ့ရကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောပြသည်။
“အမျိုးသမီးရဲအရာရှိလောင်းတွေကို မဖွယ်မရာကိုင်တွယ်တဲ့ကိစ္စဆိုရင် အခုDNA ကဒေါက်တာချစ်ပန်သက်သေရှိတယ်။ ဒါတွေက လက်ခံသင့်တဲ့ကိစ္စမဟုတ်ဘူး။ အရင်ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်ကြီးကိုကိုရဲ့ မိသားစုစီးပွါးရေးနဲ့ပတ်သက်တယ်” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဌာနအတွင်းရှိ အမျိုးသမီးငယ်များအပေါ် ဒေါက်တာကြည်မင်းဦးက ကာမရာဂစိတ်ကို နှိုးဆွစေသော စကားများအား ပါးစပ်အရသာခံကာပြောဆိုခြင်း၊ ကိုယ်အမူအရာဖြင့် မဖွယ်မရာပြုလုပ်ပြသခြင်း၊ ကိုယ်ထိလက်ရောက် ပွတ်သပ်အသားယူမှုများ ပြုလုပ်ခြင်းတို့ကြောင့် ဝန်ထမ်းအမျိုးသမီးငယ်အချို့မှာ အလုပ်မှ နှုတ်ထွက်သည်အထိ ရှိကြောင်း သိရသည်။