ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ပွဲအဆုံးသတ်ရေး ယာယီသဘောတူညီချက်ဟာ ပြီးဆုံး သွားပြီလို့ ကြေညာခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖွင့်လှစ်ထားနိုင်ဖို့ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်နေကြောင်း အမေရိကန်စစ်တပ်က ဇူလိုင် ၈ ရက် ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ အင်္ဂါနေ့က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်တဲ့ ကုန်တင်သင်္ဘော သုံးစင်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အီ ရန်တောင်ပိုင်းကမ်းရိုးတန်းရှိ မြို့အချို့ တုန်လှုပ်ချောက်ချားခဲ့ရသလို အချို့ဒေသတွေမှာလည်း လျှပ်စစ် မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ခြိမ်းခြောက်နေတဲ့ အီရန်ကို ထပ်တိုးတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်နေပြီလို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က X လူမှု ကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာရေလမ်းကြောင်းမှာ လွတ်လပ်စွာ သွားလာနေတဲ့ အရပ်သားသင်္ဘောသားတွေနဲ့ ကုန် သွယ်ရေးသင်္ဘောတွေအပေါ် အကြောင်းမဲ့ ရန်လိုတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အတွက် အီရန်မှာ လုံးဝတာဝန်ရှိ တယ်လို့ CENTCOM က ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုအရေအတွက်ဟာ အင်္ဂါနေ့က လုပ်ဆောင်ခဲ့ တာထက် ပိုမိုများပြားလိမ့်မယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
ဒေါ်နယ်ထရမ့်က သူရဲ့ Truth လူမှုကွန်ရက်စာမျက်နှာမှာ “ဒါဟာ မနေ့က အီရန်က သင်္ဘောတွေ ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကို ကလဲ့စားချေတာဖြစ်တယ်။ အကယ်၍ နောက်တစ်ကြိမ် ထပ်ဖြစ်ရင်တော့ အခြေအနေက အခုထက် အဆမတန် ပိုဆိုးသွားလိမ့်မယ်” လို့ ရေးသားထားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်-အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ပွဲမစတင် မီက ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသယ်ယူခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ် ထားခြင်းအားဖြင့် အီရန်ဟာ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်စစ်တပ်နဲ့ ရင်ဆိုင်ရာမှာ အသာစီးရစေ မယ့် စစ်ရေးဗျူဟာမြောက် အခွင့်အရေးကို ရရှိထားတာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အခြေစိုက်စခန်းတွေကို မကြာခင်မှာ အီရန်က အကြီးအကျယ် ပြန်လည်တိုက်ခိုက် သွားမှာဖြစ်ကြောင်း၊ အီရန်အဓိပတိ မိုဂျတာဘာခါမေနီရဲ့ အကြီးတန်းအကြံပေးတစ်ဦးကလည်း ကျူး ကျော်သူ ရန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့ ဆိုပါတယ်။
လက်ရှိတင်းမာမှုတွေကြောင့် ဇွန် ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ (MoU) ကို စစ်ပွဲအဆုံးသတ်ရေး အမြဲတမ်းသဘောတူညီချက်အဖြစ် ပြောင်းလဲနိုင်ဖို့ မျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ရပါတယ်။
တူရကီနိုင်ငံမှာ ပြုလုပ်တဲ့ နေတိုးထိပ်သီးအစည်းအဝေးမှာ ဒေါ်နယ်ထရမ့်က အဆိုပါ နားလည် မှုစာချွန်လွှာဟာ ပြီးဆုံးသွားပြီလို့ ယူဆကြောင်းနဲ့ အီရန်နဲ့ ဆွေးနွေးလိုစိတ်မရှိတော့ကြောင်း ပြောကြားခဲ့ ပါတယ်။
စစ်ပွဲအသွင်အပြင်အထိ အကြီးအကျယ် ပြန်လည်ဖြစ်ပွားလာလိမ့်မယ်လို့ မထင်ကြောင်းနဲ့ ဖြစ် ပွားသမျှ အရာအားလုံးဟာ အလွန်လျင်မြန်စွာပဲ ပြီးဆုံးသွားမှာဖြစ်သလို ရေနံသယ်ယူပို့ဆောင်ရေးအ တွက်ပါ ပိုမိုဘေးကင်းသွားစေလိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – Reuters
Ref; US military says it is carrying out fresh strikes on Iran, after Trump says accord is ‘over’