ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်

 

မြန်မာနိုင်ငံဘက်ရှိ တရုတ်ပိုင် စည်းကမ်းမဲ့သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ထိုင်း-မြန်မာနယ် စပ်နှင့် ထိုင်းနိုင်ငံတွင်းရှိ မြစ်ချောင်းများ ရေထုညစ်ညမ်းလာမှုနှင့်ပတ်သတ်၍ ထိုင်းနိုင်ငံသားများက ယမန်နေ့ ဇူလိုင် ၈ ရက်နေ့တွင် ဘန်ကောက်ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

 

ဆန္ဒပြပွဲကို တရုတ်သံရုံးရှေ့တွင် ထိုင်းတက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဦးဆောင်ကာပြုလုပ်ခဲ့ကြပြီး နယ်စပ်ဖြတ်ကျော်ရေညစ်ညမ်းမှုပြသနာကို ဖြေရှင်းပေးရန်နှင့် ချင်းမိုင် ကောင်စစ်ဝန်ရုံးရှေ့ရှိ ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့၏ဖြိုခွင်းမှုကြောင့် ထိုင်းနိုင်ငံသား နှစ် ဦးထိခိုက်ခဲ့သည့် အပေါ် စစ်ဆေးပေးရန် တောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။

ဆန္ဒပြသူများက နမ့်ခုတ်၊ မယ်ဆိုင်၊ မဲခေါင် စသည့်မြစ်များအတွင်းမှ မြစ်ရေညစ်ညမ်းမှုများ ကိုပြသသည့်အနေဖြင့် အဆိပ်သင့်မြစ်ရေများပါသည့်ရေဘူးများကို ထိုင်းနှင့်မြန်မာမြေပုံများပေါ်သို့ လောင်းချခဲ့ကြပြီး ရှမ်းပြည် နယ်ရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကို စုံစမ်းစစ်ဆေးရန်လည်း တရုတ်အစိုးရအားတိုက်တွန်းခဲ့ကြသည်။

 

ဘန်ကောက်ရှိတရုတ်သံရုံးကလည်း ၎င်းတို့အနေဖြင့် မဲခေါင်မြစ်ဝှမ်းဒေသရှိ မြစ်ရေညစ်ညမ်းမှု ဆိုင်ရာအစီ ရင်ခံစာများကို အနီးကပ်စောင့်ကြည့်နေပြီး ထိုင်းနိုင်ငံသားများ၏ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပေါ် စိုးရိမ်မှုများကိုနားလည်ကြောင်းလည်း ပြောဆိုခဲ့သည်။

ထို့ပြင် အဆိုပါမြစ်ရေလမ်းကြောင်းများမှာ ထိုင်းနှင့်မြန်မာကိုဖြတ်သန်းစီးဆင်းနေခြင်းဖြစ်ပြီး ရေညစ် ညမ်းမှုအပေါ် အချက်အလက်များ၊ သိပ္ပံနည်းကျအထောက်အထားများကို အခြေခံ၍ စုံစမ်းစစ်ဆေး သင့်ကြောင်းနှင့် ထိုင်းနှင့်မြန်မာ၏ ပူးပေါင်းဆောင်ရွက်ကာစုံစမ်းစစ်ဆေးရေးပြုလုပ်ရေးကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်းလည်း ပြောဆိုခဲ့သည်။

 

တရုတ်သံရုံးရှေ့တွင်ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ဆန္ဒပြသူများက ချင်းမိုင်တရုတ်ကောင်စစ်ဝန်ရုံး ရှေ့ဆန္ဒပြပွဲတွင် ဒဏ်ရာရရှိခဲ့သည့် တတ်ကြွလှုပ်ရှားသူ၏ မျက်နှာဖုံးကိုဝတ်ဆင်ခဲ့ပြီး အဆိုပါဆန္ဒပြ ပွဲကြောင့် တရုတ်သံရုံးကိုနေ့တဝက်သံရုံးပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုးကား – Khaosod English