ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်

 

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ဒေသအခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၆ အတွင်းရှိ ယမ်းချက်လုပ်သည့် အလုပ်ရုံတစ်ခု ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ဘက်ပညာရှင် တစ် ဦး သေဆုံးကာ သုံး ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်း မြစ်များထံမှ သိရသည်။

 

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာမှာ နိုက်ထရစ်အက်ဆစ်ကို အသုံးပြု၍ ယမ်းအကူချက်လုပ်သည့် အလုပ်ရုံဖြစ်ပြီး အဆိုပါ ကပစ-၁၆ စက်ရုံသည် TNT၊ RDX နှင့် WNA စသည့် စစ်တွင်းအသုံးပြု ယမ်းအမျိုးအစားများကို အဓိကထုတ်လုပ်ပေးနေသည့် စက်ရုံကြီး ဖြစ်သည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် ရွေးတုအစိုးရစစ်တပ်မှ ပညာရှင်စစ်သည် တစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြား သုံး ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သဖြင့် မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီး (တဆက ၁/၁၀၀၀) သို့ အရေးပေါ် ပို့ဆောင်ကုသထားရသည်။

ကပစ-၁၆ စက်ရုံမှူး ဗိုလ်မှူးကြီး အောင်နေထွန်းက အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်း များအပြင်သို့ ပေါက်ကြားခြင်းမရှိစေရန် တင်းကျပ်စွာ ဖုံးကွယ်ထားကြောင်း ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့တွင် ဧရာဝတီတိုင်းမ်သတင်းဌာနမှ ဖော်ပြခဲ့ပြီးဖြစ်သည်။

 

အဆိုပါ ယမ်းချက်စက်ရုံ ပေါက်ကွဲမှုသည် စက်ရုံတွင်း နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်သည့် မတော်တဆမှု (သို့မဟုတ်)အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များ၏ ဝင်ရောက် တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်သည့် ပေါက်ကွဲမှုဆိုသည်ကိုမူ ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် တိတိ ကျကျ သိရှိရခြင်း မရှိပေ။

 

လက်ရှိတွင် ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးဒေသတစ်ဝိုက်၌ ရွေးတု အစိုးရ စစ်တပ်၏ ဒေသကွပ်ကဲရေးမှူး စိန်မြလင်းဦးစီးကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

 

ရွေးတုအစိုးရစစ်တပ်သည် ဇွန်လ ၁ ရက်နေ့ကတည်းက ပန်းတောင်းမြို့နယ်အတွင်းရှိ ကပစ-၅ နှင့် ကပစ-၁၆ ရှိ အမြောက်စခန်းများမှနေ၍ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ကူပေးလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

 

ပန်းတောင်းမြို့နယ်မှူး ကပစ-၅ စက်ရုံမှူးမှာ ကာနယ်ဇော်ထွန်းဦးဖြစ်ပြီး ၎င်းသည် ရခိုင်ပြည်နယ်တွင် တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ခြေ လျင်ပြောင်းအရာရှိတစ်ဦးဖြစ်ကြောင်း CDM ဗိုလ် ကြီးဇင်ယော်က အတည်ပြုပြောသည်။

 

လက်ရှိတွင် AA နှင့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များ ရှေ့တိုးလာမှုကြောင့် ညောင်ကျိုးရိုးနှင့် ကပစ ၁၆ စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

 

ပုံစာ-ကပစ ၁၆ ကို google Map မှ မြင်ရစဉ်