
နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရေကြည်နဲ့ပေါင်းတည်ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ ရှင်းလင်းခံရ
မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းကစစ်ကောင်စီခန့်ထားတဲ့ ဇရပ်လှ ကျေးရွာ အုပ်ချုပ်ရေးမှူးကို နန်းထိုက်အောင် စစ်ဆင်ရေးအရ ရှင်းလင်းခဲ့တာလို့ စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက သတင်းထုတ်ပြန်လာပါတယ်။
ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး တာဘူး(ခ) ကျော်သိန်းဝင်းနဲ့ ပိတောက်ချောင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ကျုံတာရွာအနီးမှာ ရိုးမတိုက်ဂါးအဖွဲ့ကရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
နန်းထိုက်အောင်စစ်ဆင်ရေးအရ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးကိုရှင်းလင်းချိန်မှာ ဇရပ်လှကျေး ရွာအုပ်ချုပ်ရေးမှူး တာဘူးက ဆေးရုံမှာသေဆုံးသွားပြီး ပိတောက်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးက ဒဏ်ရာတွေရရှိသွားတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အလားတူ ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊မှတ်တိုင်တိုက်နယ် ရွာသစ်ကြီးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို စက်တင်ဘာလ ၁၄ ရက် မနေ့ညနေ ၆ နာရီခွဲခန့်မှာ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) က ထုတ်ပြန်ပါတယ်။
ပစ်ခတ်ရှင်းလင်းခံခဲ့ရတဲ့သူဟာ ရွာသစ်ကြီးရွာ အုပ်ချုပ်ရေးမှူး စစ်တပ်သတင်းပေး ဉာဏ်ဝင်း ဆိုသူဖြစ်ပြီး နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သူ့ရဲ့ နေအိမ်မှာ သေနတ်နဲ့ ၁၀ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ PPDF ကဆိုပါတယ်။
” သူ့(ဉာဏ်ဝင်း)ကို အကြိမ်ကြိမ် သတိပေးခဲ့ပါတယ် ။မလိုက်နာတဲ့အဆုံး သူ့အိမ်မှာပဲ ကျနော်တို့ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာပါ။အဓိကကတော့ PDFတွေနှိပ်နှင်းမယ်ဆိုပြီး လက်နက်တောင်းခံတာရယ် CDMတွေအပေါ် ဖိအားပေးခြိမ်းခြောက်တာရယ်ကြောင့်ပါ။ သာ ရေးနာရေးအခမ်းအနားတစ်ခုကို ကျပ်၃၀၀၀၀ ကောက်တယ်။ ထောက်ခံစာတွေအတွက်လည်း
မှတ်ပုံတင်လုပ်မယ်ဆို ကျပ် ၁၅၀၀၀ ၊ ရိုးရိုးဆို ကျပ် ၅၀၀၀ ကောက်တယ်။လက်နက်တောင်းခံပြီး လက်နက်ရတယ်လို့သတင်းတော့ရထားတယ် ။လက်နက်တော့သိမ်းဆည်းရမိခဲ့တာမရှိပါဘူး”ဟု PPDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဲ့ဒီပစ်ခတ်ရှင်းလင်းမှုကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PPDF ရဲ့ တပ်ရင်း(၃၆၀၁) ၊တပ်ခွဲ (၂) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တာလို့ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ – ရေကြည်မြို့နယ် ဇရပ်လှအုပ်ချုပ်ရေးမှူး ပစ်သတ်ခံထားရစဥ်။
#Ayeyarwaddy_Times