ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို ရွေးတုအစိုးရစစ်တပ်က စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် အသက် ငါး နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ခြောက် ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အချို့ ပျက်စီးသွားကြောင်း AAက ယနေ့ ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်သည်။
ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲများ၌ စခန်းကုန်းများ ဆုံးရှုံးနေရပြီး ထိခိုက်သေဆုံးမှုများပြားနေသည့် ရွေးတုအစိုးရစစ်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သော ဂွမြို့နယ်အတွင်းရှိ အရပ်သားကျေးရွာများကို လေကြောင်းနှင့် ရေကြောင်းသုံးကာ ဆက်တိုက်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ ဇူလိုင် ၈ ရက် နံနက် ၇ နာရီ ၄ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အထိ ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘော လေး စီးသည် ဂွကမ်းခြေနှင့် ဧရာဝတီတိုင်း ဘောမိကမ်းခြေတစ်လျှောက် မရပ်မနား အစုန်အဆန်လှည့်ပတ်ကာ လက်နက်ကြီးများဖြင့် အကြိမ် ၈၇ ကြိမ်ခန့် ရမ်းသန်းပစ်ခတ် ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များမှာ ပြည်သူများ၏ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဂွမြို့နယ်၊ ကျိန္တလီမြို့ အမှတ် (၃) ရပ်ကွက်မှ ဒေသခံများဖြစ်ကြသည့် ဒေါ်မထား ၄၅ နှစ်၊ ဒေါ်သန်းမေ ၇၄ နှစ်၊ မရတနာထွန်း ၅ နှစ်၊ ဦးညိုထွန်း ၄၈ နှစ်၊ မသင်းသီရိထွန်း ၁၇ နှစ် နှင့် ဒေါ်မိဝိုင်း ၅၀ နှစ် တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပြီး ၎င်းတို့၏ နေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထို့အပြင် ယမန်နေ့ ဇူလိုင် ၇ ရက်၊ ည ၁၀ နာရီကျော်နှင့် ၁၁ နာရီခွဲခန့်အချိန်တို့တွင်လည်း ရွေးတုအစိုးရစစ်တပ်က ဂွမြို့နယ်အတွင်းသို့ ဂျက်ဖိုက်တာစစ်လေယာဉ် ၂ စီးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- AA Info Desk
ပုံစာ- စစ်သင်္ဘောများဖြင့် ပစ်ခတ်တိုက်ခိုက်ခံထားရ၍ ဂွမြို့နယ်မှနေအိမ်များပျက်စီးမှု