ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်အနီး ဖလူးဒေသတွင် ရွေးတုအစိုးရ စစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူလိုင် ၇ ရက် ညပိုင်းမှစတင်ကာ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်ဆန်များကျရောက်မှုကြောင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးအင်အား တိုးမြှင့်ချထားသည်။
မြဝတီ-ဝေါ်လေကားလမ်းပေါ်ရှိ မင်းလက်ပံနှင့် ဖလူးကျေးရွာတို့ကို ပြန်လည်စိုးမိုးရန် ဇူလိုင်လဆန်း ပိုင်းမှစ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ်သည် ယမန်နေ့ည ကတည်းက လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ယနေ့ ဇူလိုင် ၈ ရက်နံနက်ပိုင်းတွင် မြေပြင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရသည်။
“မဲဆောက်ဘက်မှာတောင် ကမ်းနဖူးက အိမ်တွေပါ တုန်တယ်၊ လက်နက်ကြီးသံတွေကြောင့် တစ်ညလုံး ဝုန်းဒိုင်းကျဲနေတာ။ ပေါက်ကွဲသံတွေကြားနေရတာ ညလုံးပေါက်ဖြစ်နေတယ်” ဟု ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယနေ့နံနက် ထီးမယ်ဝါးခီးလမ်းကြောင်းအတိုင်း တက်လာသည့် စစ်တပ်စစ်ကြောင်းကို ပူးပေါင်းတပ် များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေးဆုံးမှုများပြားခဲ့သည်။
ထိုသို့ထိခိုက်သူများထဲတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အသစ်ခေါ်ယူခံ ထားရသည့် (ပစ) များ အများ အပြားပါဝင်နေပြီး ၎င်းတို့ကို လူနာတင်ယာဉ်များဖြင့် မြဝတီမြို့ရှိ အမှတ် (၂၇၅) ခြေလျင် တပ်ရင်း အခြေစိုက် စစ်ဆေးရုံသို့ ပြန်လည်သယ်ဆောင်ကုသနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်က အတည်ပြုသည်။
ထို့ပြင် အဆိုပါ ဖလူးနယ်မြေထိုးစစ်တွင် ရွေးတုအစိုးရစစ်တပ်အား ကူညီရန် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်လူမျိုးစုစစ်တပ် (DKBA) မှ ဗိုလ်ဘိ ဦးဆောင်သည့် တပ်ဖွဲ့များလည်း ပူးပေါင်းပါဝင်နေကြောင်း သိရသည်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် ဟွိုင်မဟာဝေါင် ကျေးရွာအတွင်းသို့ စက်သေနတ်ကျည်များနှင့် မော်တာကျည်များ ကျရောက်၍ ထိုင်းဒေသခံများ၏ နေအိမ် သုံး လုံး ကျည်ထိမှန်ပျက်စီးခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး၏ နေအိမ်ဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲခဲ့သဖြင့် ထိုင်းပြည်သူများ ဘေးလွတ်ရာတွင် ညလုံးပေါက် ပုန်းခိုခဲ့ရကြောင်း ထိုင်းသတင်း အချို့တွင် ဖော်ပြထားသည်။
လက်ရှိတွင် ထိုင်းစစ်တပ် နရေဆွမ်စစ်ကွပ်ကဲရေးဌာန လက်အောက်ခံ ရာချ်မနူး (Ratchamanu) အထူးတပ်ဖွဲ့သည် ပွိုင့်ဖိုက် စက်သေနတ်တပ်ဆင်ထားသည့် စစ်ယာဉ်များနှင့် တပ်အင်အားများကို နယ်စပ်တစ်လျှောက် ဖြည့်တင်းချထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံဘက်မှ ပစ်ခတ်မှုများ ထိုင်းပိုင်နက်အတွင်း ထပ်မံကျရောက်လာပါက အဆင့်လိုက် သတိပေးတုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။