ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ ဇူလိုင် ၈ ရက်

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်းဖြစ်ပွါးခဲ့သည့် တိုက်ပွဲများတွင် အထိနာခဲ့သည့် စစ်တပ်သည် ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခြင်းများနှင့် စစ်ကြောင်း ထိုးမီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်နေသည့်အတွက် ဒေသခံများမှာ စစ်ဘေးရှောင်တိမ်း နေရကြောင်း သိရသည်။

 

ရေတာရှည်မြို့နယ်အတွင်းရှိ နကျပ်ရွာ ဂူတောင်ဘုန်းကြီးကျောင်းကို ယမန်နေ့ဇူလိုင် ၇ ရက်နေ့တွင် စစ်တပ်ကလေကြောင်းမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ ဘုရားစေတီများနှင့် ဓမ္မာရုံပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

 

“အရပ်ဖက်ပစ်မှတ်တွေကို ကြဲတာများတယ်ဗျ။ မနေ့က ဘုန်းကြီးကျောင်းတစ်ကျောင်းကိုကြဲတာ ကျောင်းဆောက်နှစ်ခု နဲ့ စေတီအချို့ ပျက်စီးသွားတယ်။ နောက်ပြီး ရွာတွေကို လေယာဉ် ဒရုန်း၊ လက်နက်ကြီးတွေနဲ့ နေ့စဥ်မပြတ်တိုက်ခိုက်နေတယ်။ မီးရှို့တယ် ပစ္စည်းတွေယူတယ်။ စစ်ရှောင်တွေ များလာတယ်ဗျ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်း စစ်ဌာနမှ ရဲဘော်လက်ျာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရ စစ်တပ်သည် ပြီးခဲ့သည့် ဇွန် ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျွန်းကုန်းရွာနှင့် ပိတောက် ကုန်းရွာတိုက်ပွဲတွင် အထိနာခဲ့သည့်အတွက် လေကြောင်းဖြင့် အလွန်အကျွံထိုးစစ်ဆင်ခဲ့ပြီး အဆိုပါ ကျေးရွာနှစ်ရွာကိုလည်း ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေတာရှည်ပကဖက ထုတ်ပြန် ထားသည်။

 

စစ်တပ်မှ စစ်ကြောင်းထိုးကာ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကြဲနေမှုကြောင့် ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှ ဒေသခံများမှာ စစ်ဘေးရှောင်တိမ်းနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများလိုအပ်လျက် ရှိကြောင်း သိရသည်။

 

ရွေးတုအစိုးရ စစ်တပ်သည် ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့မှ စတင်ကာ ရေတာရှည်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကာ ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့ကလည်း ပိတောက်ကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်