‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၈ ရက်

‎စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် ရွေးတု အစိုးရစစ်တပ်၏ စစ်ရေယာဉ်အုပ်စုကို ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အစပ်တွင် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု csraf က ထုတ်ပြန်ထားသည်။

‎တော်လှန်ရေး အင်အားစုများသည် ယမန်နေ့ ဇူလိုင် ၇ ရက်၊ ညနေ ၃ နာရီခန့်တွင် ရွေးတုအစိုးရစစ်တပ်၏ စစ် ကူအင်အားများ၊ ဒရုန်းပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့် ရိက္ခာများ တင်ဆောင်လာသည့် ဖလပ်သံခွန်သင်္ဘော ၂၄ စင်းနှင့် တိုက်ခိုက်ရေးစစ်သင်္ဘော ၄ စင်း၊ စုစုပေါင်း စစ်ရေယာဉ် ၂၈ စင်း ပါဝင်သော ရေယာဉ်အုပ်စု ကနီနှင့် မင်းကင်းအစပ်သို့ ရောက်ရှိလာစဉ် ကြားဖြတ်တိုက်ခိုက် ခံခဲ့ရခြင်းဖြစ်သည်။

‎တိုက်ခိုက်မှုကို ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု csraf ၏ ဦးဆောင်မှုဖြင့် ကနီမြို့နယ် တိုက်နယ်-၆ အတွင်းရှိ မဟာမိတ်အဖွဲ့များက တပ်ညီလက်ညီ စုပေါင်းကာ လက်နက်ကြီး (ပြောင်းတိုက်)၊ လက်နက်ငယ်များနှင့် စနိုက်ပါများ သုံးစွဲ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‎”စစ်သင်္ဘောတွေက မနေ့ကည ၈နာရီအချိန်ထိကတော့ ပန်းဆက်ရွာ အောက်ဘက်ကနေ အထက်ဘက် ကို ဆက်တက်နေပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ယမန်နေ့ တစ်ရက်တည်းတွင်ပင် စစ်ရေယာဉ်အုပ်စုမှ စစ်သင်္ဘောတစ်စီးနှင့် လက်နက်ခဲယမ်းတင် ဖလပ်တွဲသင်္ဘောတစ်စီးတို့ကို နေ့လယ် ၁၂နာရီ ၄၅မိနစ်အချိန်တွင် ရှေ့ထွက် ပြောင်းတိုက် ၃ လုံး ပွိုင့် ၄ ပွိုင့်ဖြင့် Chindwin fighter group နှင့်ပူးပေါင်းအဖွဲ့များကတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

တိုက်ခိုက်ရေး သင်္ဘောများမှ လက်နက်ကြီးများဖြင့် ပြန်လှန်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး အဖွဲ့များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေးတုအစိုးရစစ်တပ်၏ စစ်ရေယာဉ်အုပ်စုကို ပြီးခဲ့သည့် ဇွန် ၆ ရက်နေ့ကလည်း ဒေါင်းမျိုးဆက် ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှေ့ထွက်မိုင်း ၁၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ရွေးတုအစိုးရစစ်တပ်ဘက်မှ ဗုံးကြဲလေယာဉ်၊ ဗုံးသီးချဒရုန်းနှင့် ကင်းထောက် ဒရုန်းများ သုံး၍ သင်္ဘောများကို ဆက်လက်ဆန်တက်လျက်ရှိသည်။

စစ်သင်္ဘောများပေါ်မှနေ၍ မြစ်ကမ်းဘေး ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဗုံးကြဲ ခြင်းနှင့် လေကြောင်းအန္တရာယ်များကြောင့် ကျေးရွာ ၁၈ရွာမှ အိမ်ထောင်စု ၃၂၅၆စု ၊ လူဦးရေ ၁၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။

ပုံစာ-ချင်းတွင်းမြစ်အတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်များ။