ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး KIA ဘက်မှ နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက် စိုးမိုးထားနိုင်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
လတ်တလောတွင် ရွှေကူမြို့အနီးရှိ ငါးလမ်းဆုံ၊ ညောင်ပင်ကွေ့၊ လမ်ဘရော် နှင့် မန်ဝင်းလေး စသည့် နေရာများကို KIA က ပြန်လည်သိမ်းပိုက် ရယူထားနိုင်ခဲ့ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
”ငါးအိုးနဲ့ ရွှေကူကြားက နယ်မြေတွေ KIA က ပြန်စိုးမိုးတယ်။ စင်ခန်းဘက်တက်မယ့် တပ်တွေကိုလည်း ပိတ်ပြီးတိုက်နေတာလို့ ကြားထားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွှေကူမြို့တောင်ဘက်ရှိ အထက်လေးလမ်းဆုံနှင့် အောက်လေးလမ်းဆုံတို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး ရွေးတုအစိုးရစစ်တပ်က လေကြောင်းပစ်ကူကို အပြင်းအထန် အသုံးပြုကာ တိုက်ခိုက်နေကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇွန် ၆ ရက်နေ့ ကလည်း Y12 ထောက်ပို့လေယာဉ်ကို အသုံးပြုကာ အထက်လေးလမ်းဆုံနှင့် အောက်လေးလမ်းဆုံတစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ရွှေကူမှတစ်ဆင့် စင်းခန်းတံတားသို့ ဦးတည်ရွေ့လျားနေသည့် ရွေးတုအစိုးရစစ်တပ်၏ အင်အား ၇၀၀ ခန့်ပါ ခြေလျင်တပ်မဟာ ၄ စစ်ကြောင်းမှာ လက်ရှိတွင် ဝိုင်းပတ်ပိတ်ဆို့ခြင်း ခံထားရကြောင်း သိရသည်။ ထို့အပြင် ဗန်းမော်တပ်နယ်ဘက်မှ ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့များသည် နယ်မြေအများစုကို ပြန်လည်ရယူထားနိုင်သော်လည်း မြို့၏ တောင်ဘက်သို့ စစ်ကြောင်းများ ဦးတည်လာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ရွှေကူနှင့် ဗန်းမော်ဘက်မှ ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းတစ်ကြောင်းစီ အပြန်အလှန်ထွက်လာပြီး လမ်း ကြောင်းရှင်းလင်းရေး ပြုလုပ်လေ့ရှိသော်လည်း လက်ရှိတွင် မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးဘက်သို့ ဦးတည်သည့် စစ်ကြောင်းအချို့သာ ရှိနေပြီး ရွှေကူဘက်သို့ ရွေ့လျားနိုင်ခြင်း မရှိသေးကြောင်း CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
ထို့ကြောင့် ဗန်းမော်တပ်နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများသည်လည်း ရှေ့မတိုးနိုင်ဘဲ ပိတ်ဆို့ခံထားရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ တစ်ဖက်တွင်လည်း တစ်နှစ်စာ အင်အား၊ ရိက္ခာနှင့် ခဲယမ်းဖြည့်တင်းမည့် စစ်ရေယာဉ်အုပ်စုများသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း နေ်တက်လာနေပြီး ဟုမ္မလင်းခရီးစဉ် ပြီးဆုံးမှသာ အဖွဲ့လိုက် ဗန်းမော်ကို ချီတက်လာနိုင်မည့် အလားအလာရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ။