ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ပြည်တွင်း၌ နိုင်ငံခြားငွေ လိုအပ်ချက် အကျပ်အတည်း ဖြစ်ပေါ်နေချိန်တွင် အာဏာသိမ်း ရွေးတု အစိုးရက ပြည်သူများ၏ အခြေခံ လိုအပ်ချက်ဖြစ်သော ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို ထပ်မံလျှော့ချ ကန့်သတ်လိုက်သဖြင့် ပြည်သူများ ခွဲတမ်းဆီ ဝယ်ယူခွင့် မရတော့ဘဲ ပြင်ပဈေးကွက်တွင် ကျန်စားသုံးဆီများ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။
နေပြည်တော်တွင် ယမန်နေ့ ဇူလိုင် ၇ ရက်နေ့က ပြုလုပ်သည့် ရွေးတုအစိုးရအဖွဲ့ ပြည်ထောင်စု အစည်းအဝေးတွင် ရွေးတုသမ္မတ မင်းအောင်လှိုင်က စက်သုံးဆီနှင့် စားသုံးဆီများကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ သုံးစွဲနေရကြောင်း၊ ထို့ကြောင့် စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှု လျှော့ချနိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယမန်နေ့က နေပြည်တော်တွင်ကျင်းပသော ရွေးတုအစိုးရအဖွဲ့ပြည်ထောင်စုအစည်းအဝေးတွင် ရွေးတု သမ္မတ မင်းအောင်လှိုင်က စက်သုံးဆီနှင့် စားသုံးဆီများကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများ များစွာသုံးစွဲရလျက်ရှိကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီများကိုတင်သွင်းမှု လျှော့ချနိုင်ရန် အတွက်နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားလိုက်သည်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာများပေါ်၌ စားအုန်းဆီ တင်သွင်းခွင့် ခွဲတမ်းကို ၆၀ ရာခိုင်နှုန်းခန့်အထိ လျှော့ချလိုက်သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက်၊ ယခုတစ်ပတ် အတွင်း အခြေခံလူတန်းစားများအတွက် ချပေးသည့် စားအုန်းဆီခွဲတမ်း (၂ ပိဿာ ၅၀ ကျပ်သား) ကို ဝယ်ယူခွင့်မရတော့ကြောင်း အင်းစိန်မြို့နယ်တွင် နေထိုင်သူ တစ်ဦးထံမှ သိရသည်။
“စားသုံးဆီ တင်သွင်းမှု လျှော့ချတယ်ဆိုတာက မရောင်းပေးတော့တာပဲ။ သန်းခေါင်စာရင်း ရှိတဲ့သူတွေဆို တစ်ပတ် ၅၀ ကျပ်သားကို စာအုပ်နဲ့ ပေးတာ။ ဒီတစ်ပတ်ကစပြီးတော့ ဆီထုတ်လို့ မရတော့ဘူး။ စားအုန်းဆီအသင်းဆီကနေ အွန်လိုင်းက မှာရင်လည်း ၂ ပိဿာ ၅၀ ကျပ်သား ရတတ်တယ်။ ဒါပေမဲ့ ဒီတစ်ပတ် ဖုန်းဆက်တော့ ဖုန်းတွေ အားလုံး ပိတ်ထားတယ်” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် အခြေခံအိမ်ထောင်စုအများစု အဓိက သုံးစွဲနေရသည့် စားအုန်းဆီ ပေါက်ဈေးသည် ပြင်ပဈေးကွက် တွင် တစ်ပိဿာ ကျပ် ၁၆,၀၀၀ ဝန်းကျင်၊ ဟင်းသီးဟင်းရွက်ဆီ ၅၀ ကျပ်သားတစ်ဘူး ကျပ် ၈,၀၀၀ နှင့် မြေပဲဆီ တစ်ပိဿာ ကျပ် ၂၄,၀၀၀ ခန့်အထိ ရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ရွေးတုအစိုးရ၏ စားအုန်းဆီခွဲတမ်းစနစ် ပုံမှန်မရရှိတော့ဘဲ ပြတ်လပ်မှုများ ဖြစ်ပေါ်လာခြင်းကြောင့် ပြင်ပဈေးကွက်ရှိ ဟင်းသီးဟင်းရွက်ဆီ၊ နေကြာဆီနှင့် မြေပဲဆီ ဈေးနှုန်းများသည်လည်း တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ မှ ၅,၀၀၀ ကြား ထပ်မံမြင့်တက်သွားကြောင်း ဆီကုန်သည်အချို့က ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ အခြေခံစားကုန်ဖြစ်သော စားအုန်းဆီ သုံးစွဲဝယ်ယူ ခွင့်ကို အမျိုးမျိုး ကန့်သတ်ထားသည့်အပြင် ပြင်ပသွင်းကုန် နေကြာဆီနှင့် ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုများကိုပါ ပိတ်ဆို့ထိန်းချုပ်ထားသဖြင့် ပြည်သူများမှာ အခြေခံစားသုံးခွင့်နှင့် အာဟာရ ပြည့်ဝစွာ စားသောက်ခွင့်များပါ ဆုံးရှုံးလျက်ရှိသည်။
ဓာတ်ပုံ – MOI
ပုံစာ – မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီရောင်းချပေးခဲ့စဉ် (ပုံဟောင်း)