ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သားစုဆောင်းခံရသူ နှစ်ဦးသည် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ ရှေးတန်းမှ ထွက်ပြေးရာ ပြန်လည်ဖမ်းဆီးမိပြီး ရက်ရက်စက်စက် နှိပ်စက်၍ ရိုက်သတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
အသတ်ခံရသူ တပ်သားသစ် နှစ်ဦးသည် ဇွန် ၄ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် စက်ဒေါင့်ကြီးဆိပ်ကမ်းတွင် ကြိုးတုတ်ကာ သေလုမျောပါးဖြစ်အောင် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ထိုမှတစ်ဆင့် ကမ္ဘားကြီးဘက်သို့ ထပ်မံခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တပ်သားသစ် နှစ်ဦးကို မသတ်ဖြတ်မီ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး၊ ၎င်းတို့ကိုယ်တိုင် သေရမည့်ကျင်းကို ကိုယ်တိုင်တူးခိုင်းကာ ဇွန် ၆ရက်နေ့တွင် ရိုက်သတ်ခဲ့ကြကြောင်း သိရသည်။ သေဆုံးသွားသူများ၏ ရုပ်အလောင်းကို ကမ္ဘားကြီးအထက်နားရှိ ရွာသစ်ကလေးရွာ သုသာန်ကုန်း၌ မြေမြှုပ်ထားခဲ့ခြင်းဖြစ်သည်။

”အစုလိုက်ထွက်ပြေးတာမှာ နှစ်ယောက်ပြန်ဖမ်းမိတယ်။ လက်နက်တွေမပါလာတာကိုလည်း အကြောင်းပြ နှိပ်စက်တယ်။ ကိုယ့်ကျင်းကိုယ်တူးပြီး ရိုက်သတ်ခံရတာ။ မိဘတွေ ဒီအဖြစ်အပျက်ကိုပြန်သိရင် ဘယ်လောက် ရင်နာလိုက်ကြမလဲ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ရက်ရက်စက်စက် သတ်ဖြတ်ရခြင်းနှင့် ပတ်သက်၍ စစ်တပ်ဘက်က တပ်တွင်းရှိ ကျန်ရှိနေသော တပ်သားသစ် (ပစ) များကို သတိပေးလိုခြင်းဖြစ်ပြီး၊ တပ်မှထွက်ပြေးပါက သေဒဏ်အပြင် ယခုကဲ့သို့ ရက်စက်စွာ ခံရမည်ကို ပြသရန်အတွက် စံပြအနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အင်အားပြုန်းတီးနေမှုကို အစားထိုးရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးချကာ လူငယ်များကို အဓမ္မဖမ်းဆီး စစ်သားစုဆောင်းလျက်ရှိပြီး ယခုကဲ့သို့ ရှေ့တန်းမှ ထွက်ပြေးသူများကို ဖမ်းဆီးရမိပါက လူမဆန်စွာ သတ်ဖြတ်ပြခြင်းဖြင့် တပ်တွင်းအကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက ရေကြည်မြို့နယ်အခြေစိုက် အမတ ၃၄၄ တပ်ရင်းမှ ထွက်ပြေးလာသည့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ် ခုနှစ် ဦး စုပြုံသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။
အဆိုပါ တပ်သားသစ် ခုနှစ်ဦးကို ကွင်းချောင်းရွာနှင့် ကွင်းယားရွာအကြား၊ ကွင်းယားရွာနောက်ကျောရှိ ကိုင်းစိုက်ပျိုးရေးကွင်းအတွင်း၌ အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့ကြခြင်း ဖြစ်ပြီး သတ်ဖြတ်ပြီးနောက် ၎င်းတို့၏ ရုပ်အလောင်းများကို ကွင်းအတွင်း၌ပင် ကျင်းတစ်ကျင်းတည်းတွင် စုပြုံကာ မြှုပ်နှံထားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြစ်သလို မြှုပ်နှံထားခဲ့ခြင်းကြောင့် ဒေသခံများက ပြန်လည်တွေ့ရှိကာ မြေထပ်မံဖို့ပေးခဲ့ရပြီး ကိုင်းကွင်းအတွင်းရှိ ပဲမှော်ပုံများကို မီးရှို့ရန် ရှင်းလင်းနေသည့် တောင်သူများက ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတွင် စနိုက်ပါ၊ လက်ပစ်ဗုံး နှင့် ကျည်အချို့ကိုလည်း တွေ့ရှိခဲ့ကြသည်။